ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းတွင် လေဖိအားနည်းဆဲလ် INVEST-98B စတင် ဖြစ်ပေါ်လျှက်ရှိ

အမေရိကန် Naval Research Laboratary(NRL)၏ Marine Meteorology Division မှ ရရှိသည့် အချက်အလက်များအရ စက်တင်ဘာလ ၁၆ ရက် နံနက် ဝ၆း၃ဝ နာရီမှ စတင်၍ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်း၊ စစ်တွေမြို့ အနောက်တောင်ဘက် မိုင် ၄၄ဝ ခန့်၊ ပုသိမ်မြို့ အနောက်ဘက် ၅၁ဝ မိုင်ခန့်၊အိန္ဒိယနိုင်ငံ တမီလ်နာဒူးပြည်နယ် – ချင်နိုင်း(Chennai)မြို့ အရှေ့မြောက်ဘက် ၄၁ဝ မိုင်ခန့်၌ လေဖိအားနည်းဆဲလ်(INVEST – 98B)စတင် ဖြစ်ပေါ်လျှက်ရှိပါသည်။(ပုံ-၁)

INVEST 98B သည် GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များအရ အရှေ့မြောက်ဘက်သို့ မိုင်အနည်းငယ်မျှ ရွေ့လျားပြီး၊ အနောက်-အနောက်မြောက်ဘက်သို့ ပြန်လည် ချိုးကွေ့ရွေ့လျားမည် ဖြစ်ကြောင်း၊ စက်တင်ဘာလ ၁၉ ရက် ညနေပိုင်းတွင် အိန္ဒိယနိုင်ငံ သြရိသကမ်းခြေအနီး၌ အားပျော့ပျက်ပြယ်သွားမည် ဖြစ်ကြောင်း ကြိုတင်ပုံဖေါ်ခန့်မှန်းထားသည်ကို တွေ့ရပါသည်။

လေဖိအားနည်းဆဲလ် INVEST 98B
16 Sep 2014 0600Z
Location: 17.1 87.0
Winds: 15 knots
Central Pressure: 1010 hPa

ယခု လက်ရှိအချိန်(စက်တင်ဘာလ ၁၆ ရက် မြန်မာစံတော်ချိန် ၁၈းဝဝ နာရီတွင်ရရှိသည့် ကွန်ပျူတာမော်ဒယ် ခန့်မှန်းပုံအရ တောင်တရုတ်ပင်လယ်မှ အဆင့်-၁ တိုင်ဖွန်းမုန်တိုင်း (CAT-1 Typhoon KALMAGI)သည် မူလခန့်မှန်းလမ်းကြောင်းအတိုင်း၊ ဟိုင်နန်ကျွန်းမြောက်ပိုင်းအား ဖြတ်ကျော်ကာ ဗီယက်နမ်နိုင်ငံ အရှေ့ဘက် တုံကင်ပင်လယ်ကွေ့အတွင်း အနောက်-အနောက်မြောက်ယွန်းယွန်းသို့ ဆက်လက် ရွေ့လျားလျှက်ရှိပါသည်။(ပုံ-၂)

ယနေ့ ညပိုင်းတွင် ဗီယက်နမ်နိုင်ငံ ကမ်းခြေအား Hai Phong မြို့ အရှေ့မြောက်ဘက် မိုင် ၆ဝ ခန့်မှ ဖြတ်ကျော်ဝင်ရောက်မည် ဖြစ်ပြီး အနောက်-အနောက်မြောက်ဘက်သို့ ကုန်းတွင်းမုန်တိုင်းငယ်အဖြစ်ဆက်လက်ရွေ့လျားပြီး လေဖိအားနည်းရပ်ဝန်းအဆင့်သို့ တဖြည်းဖြည်း အားပျော့ပျက်ပြယ်သွားမည် ဖြစ်ပါသည်။

မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်စဉ်နှင့် လေဖိအားနည်းဆဲလ် INVEST 98B ဖြစ်ပေါ်နေချိန်များတွင် ပင်လယ်ပြင်လေတိုက်နှုန်း(850 hPa တွင်) 40 km/h မှ 55 km/h အထိ အနောက်တောင်ဘက်မှ လေပြင်းတိုက်ခတ်နိုင်ပြီး လှိုင်းအမြင့် ၁၂ ပေမှ ၁၅ ပေအထိ ရှိနိုင်ကြောင်း GFS ကွန်ပျူတာမော်ဒယ် ခန့်မှန်းချက်များတွင် တွေ့ရှိရပါသည်။

စက်တင်ဘာလ ၁၉ ရက် ည ပိုင်းမှ စတင်၍ ပင်လယ်ပြင် လေတိုက်ခတ်မှု အခြေအနေနှင့် လှိုင်းကြီးသည့် အခြေအနေများ ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားနိုင်မည် ဖြစ်ကြောင်း၊ မုန်တိုင်း KALMAEGI အကြွင်းအကျန်နှင့် INVEST 98B တို့၏ အရှိန်ဖြင့် ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် မြန်မာနိုင်ငံ အရှေ့ပိုင်း ဒေသများတွင် မိုးရွာသွန်းမှု ပိုမိုနိုင်ဘွယ်ရှိကြောင်း ကြိုတင်ခန့်မှန်းချက်များအား အသိပေးတင်ပြအပ်ပါသည်။

ပုံ-၁
16SEP-00Z
ပုံ-၂
 16SEP-1800MST

You must be logged in to post a comment.