တိုင်ဖွန်းမုန်တိုင်း RAMMASUN-09W ဟိုင်နန်ကျွန်းနှင့်ဗီယက်နန်မြောက်ပိုင်းသို့ ဦးတည်

GFS ကွန်ပျူတာမော်ဒယ်ခန့်မှန်း ပုံဖေါ်ချက်များအရ – တိုင်ဖွန်းမုန်တိုင်း RAMMASUN(09W)သည် တောင်တရုတ်ပင်လယ်အတွင်း အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီး၊ မူလခန့်မှန်းထားသည့် လမ်းကြောင်းအတိုင်း ဟိုင်နန်ကျွန်းမြောက်ဘက်စွန်းအား ဖြတ်သန်းကာ တုံကင်ပင်လယ်ကွေ့မှတစ်ဆင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်း ကမ်းခြေအား ဇူလိုင်လ ၁၉ ရက် အစောပိုင်းတွင် စတင်ဖြတ်ကျော်တိုက်ခတ်မည်ဖြစ်ကြောင်း တွေ့ရပါသည်။ မုန်တိုင်းသည် ဟိုင်နန်ကျွန်းအား ဝင်ရောက်တိုက်ခတ်ခြင်း မပြုမီ အဆင့်-၃ (အားအလွန်ကောင်းသော တိုင်ဖွန်းမုန်တိုင်းကြီးအဆင့်သို့ ရောက်ရှိလာပြီးမှ ဟိုင်နန်ကျွန်းနှင့် ဗီယက်နန်နိုင်ငံ မြောက်ပိုင်းကမ်းခြေအားဖြတ်ကျော်ဝင်ရောက်မည်ဟု ခန့်မှန်းထားပါသည်။

ဇူလိုင်လ ၁၉ ရက် အစောပိုင်းမှ စတင်၍ မြန်မာနိုင်ငံတောင်ပိုင်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် မွန်တနင်္သာရီကမ်းရိုးတန်းတစ်လျှောက် မုတ်သုံလေအား အလွန်ကောင်းလာမည့် အခြေအနေကို တွေ့ရပြီး၊ ဇူလိုင် ၁၉ ရက် ညနေပိုင်းတွင် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင် တစ်ခုလုံး၌ လေတိုက်နှုန်း အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိလာနိုင်ပါသဖြင့် ကမ်းနီး/ကမ်းဝေးရေယာဉ်များနှင့် ရေလုပ်သားများ ကြိုတင်သတိပြုရှောင်ရှားနိုင်ကြစေရန် အသိပေးတင်ပြအပ်ပါသည်။ (ပုံ)

ဇူလိုင်လ ၁၉ ရက် မြန်မာစံတော်ချိန် ညနေ ၁၅းဝဝ နာရီ
GFS-EARTH-19JUL-1500

You must be logged in to post a comment.