MMWeather ဆိုတာ ဘာလဲ၊ ဘာတွေလုပ်နေတာလဲ၊ ဘယ်လိုလုပ်နေတာလဲ ..

ကျနော်တို့ရဲ့ MMWeather က မိုးလေဝသပညာရှင်တွေ မပါဘဲ ကွန်ပျူတာပညာရှင်တွေနဲ့ မိုးလေဝသပညာရဲ့ အတိမ်အနက်-သဘောသဘာဝတွေကို နာဂစ်မုန်တိုင်း တိုက်ခံရပြီးမှ စိတ်ဝင်တစား လေ့လာခဲ့တာ အခုဆိုရင် ၆ နှစ်ကျော်ပါပြီ။ MMWeather ရဲ့ Main website ကို http://mmweather.com နဲ့ ကြိုတင်အသိပေးချက် မှတ်တမ်းများကို http://blog.mmweather.com မှာ အသိပေး ရေးသားတင်ပြပေးနေပါတယ်။ အခုခေတ်ရဲ့ လူသိများခေတ်စားနေတဲ့ Facebook မှာ https://www.facebook.com/mmweather (MMWeather Page) နဲ့ https://www.facebook.com/groups/mmweather/ (MMweather Group) ကို လဲ တည်ဆောက်ပေးထားပါတယ်။

ကျနော်တို့က ကွန်ပျူတာကို အခြေခံပြီး လေ့လာကြရတာဖြစ်တဲ့အတွက် သေချာတဲ့ ကွန်ပျူတာမော်ဒယ်တွေက ခန့်မှန်းချက်တွေကို ရှာဖွေလေ့လာတဲ့အခါ တိကျသေချာမှု အရှိဆုံး မော်ဒယ်အဖြစ် “အမေရိကန်နိုင်ငံ National Climatic Data Center(NCDC)ရဲ့ Global Forecast System(GFS) ကွန်ပျူတာမော်ဒယ်” ကို သွားတွေ့ပါတယ်။ GFS ကွန်ပျူတာမော်ဒယ်က အနာဂတ်မှာ မိုးလေဝသအခြေအနေကို လာမဲ့ ၁၆ ရက် နာရီပေါင်း ၃၈ဝ ကျော်အထိ ကြိုတင်ခန့်မှန်းနိုင်အောင် အခြားခန့်မှန်းရေး ကွန်ပျူတာမော်ဒယ်(၄)ခုနဲ့ ချိတ်ဆက်ပြီး ရတဲ့ အချက်အလက်တွေကို တိကျတဲ့ မိုးလေဝသပုံရိပ်တွေအဖြစ်ပြောင်းလဲ ထုတ်ပြန်ပေးပါတယ်။

“The GFS model is a coupled model, composed of four separate models (an atmosphere model, an ocean model, a land/soil model, and a sea ice model), which work together to provide an accurate picture of weather conditions”

အသေးစိတ်ကို သိချင်ရင်တော့ http://www.ncdc.noaa.gov/data-access/model-data/model-datasets/global-forcast-system-gfs မှာ လေ့လာနိုင်ပါတယ်။

အဲဒီတော့ ကျနော်တို့က ကွန်ပျူတာမော်ဒယ်(GFS)က ရတဲ့ အချက်အလက်တွေနဲ့ ပုံတွေ(နာရီ ၃၈ဝ ကျော်အထိ ကြိုတင်ခန့်မှန်းထားတဲ့ ပုံတွေ)နဲ့ မြန်မာဘာသာပြန်ခန့်မှန်းချက် post တွေ ရေးပြီး အရေးသိတ်မကြီးရင် Facebook MMWeather Page မှာ တင်ပြပေးပြီး အရေးကြီးလာရင်တော့ မှတ်တမ်းကျန်ရစ်အောင် MMWeather Blog မှာ Article တစ်ခုအနေနဲ့ ရေးသားပြီး တင်ပြပေးပါတယ်။

အဲသလို အသိပေးတင်ပြပေးပြီးရင် GFS က ကြိုတင် ခန့်မှန်းပေးထားတဲ့ ရက်(၁၅ ရက်မှ ၁၆ ရက်ခန့်)မတိုင်ခင် ကြိုတင်ခန့်မှန်းချက် အပြောင်းအလဲတွေ ဖြစ်လာဦးမလားဆိုတာကို ၆ နာရီတစ်ကြိမ် update ဖြစ်နေတဲ့ data တွေ ပုံတွေနဲ့ တောက်လျှောက် လေ့လာ/စောင့်ကြည့်ရပါတယ်။ ကြိုတင်ခန့်မှန်းပေးတဲ့ ရက်နီးလာလေ ကြိုတင်ခန့်မှန်းချက်မှာ အပြောင်းအလဲတွေနဲ့ ပိုပြီး တိကျလာလေ ဖြစ်တာတွေ့ရပါတယ်။

ကွန်ပျူတာခန့်မှန်းချက်ပေးထားတဲ့ ရက်ကို ရောက်ခါနီးရင်တော့ မိုးလေဝသပညာရှင်ကြီးများရဲ့ ခန့်မှန်းချက်တွေ- အမှန်တကယ် မုန်တိုင်း ဖြစ်လာနိုင်မဲ့ လေစီးကြောင်း၊ တိမ်တိုက်စုဖွဲ့ဖြစ်ပေါ်မှု အခြေအနေတွေ ကို ဂြိုလ်တုတိမ်ပုံများမှာ animation လုပ်ပြီး သေချာစောင့်ကြည့်ရပါတယ်။ အရင်ဆုံး လေဖိအားနည်းဆဲလ်(Low Pressure Cell)လို့ ခေါ်တဲ့ INVEST SYSTEM တွေ စတင်ဖြစ်လာတဲ့ အခြေအနေကို အမေရိကန်အခြေစိုက် Naval Research Lab(NRL) ရဲ့ NRL Satellite Team ရဲ့ အချက်အလက်တွေကို ယူပြီး သူတို့ဆီက ရတဲ့ kml format data(Keyhole-Markup-Language)* ကို Google Earth ပေါ်မှာ ပုံဖေါ်ကြည့်ရှုခြင်းဖြင့် ဖြစ်နေတဲ့ INVEST SYSTEM ရဲ့ တည်နေရာ-ရွေ့လျားမှုအခြေအနေမှ မုန်တိုင်းအဆင့်ရောက်လာတဲ့အခါ မုန်တိုင်း ရွေ့လျားဝင်ရောက်နိုင်မဲ့ လမ်းကြောင်းအထိ တိကျတဲ့ ပုံများရယူပေးနိုင်ပါတယ်။

* (Keyhole Markup Language (KML) is an XML notation for expressing geographic annotation and visualization within Internet-based, two-dimensional maps and three-dimensional Earth browsers. KML was developed for use with Google Earth, which was originally named Keyhole Earth Viewer)

NRL မှ ရရှိသည့် kml data အား Google Earth Application တွင် ပုံဖေါ်ထားသည့် INVEST 92B စတင်ဖြစ်ပေါ်ချိန်မှ ၂ဝ၁၄ ခုနှစ်၊ မေလ ၂၃ ရက်၊ နံနက် ဝ၆း၃ဝ နာရီအထိ ရွေ့လျားမှု မှတ်တမ်းပုံ ဖြစ်ပါသည်။
INVEST-92B-23MAY0630MST

အဲဒီနောက်ပိုင်းမှာတော့ ကျနော်တို့ တွေ့ရတဲ့ မိုးလေဝသအခြေအနေကို လူထုသိအောင် တင်ပြပေးဘို့ အဆင့်ပဲ ကျန်ပါတော့တယ်။ ဒီအဆင့်မှာ ကျနော်တို့က နိုင်ငံတော်အဖွဲ့အစည်းလည်း မဟုတ်၊ မိုးလေဝသပညာရှင်မျာလည်း မဟုတ်ပဲ ကွန်ပျူတာပညာရှင်၊ မိုးလေဝသ ဝါသနာရှင်များသာ ဖြစ်တဲ့အတွက် သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်ခွင့် မရှိပါဘူး၊ အဲသလို ထုတ်ပြန်သတိပေးခွင့်မရှိတဲ့အတွက် ကျနော်တို့က ကြိုတင်”အသိပေး”တင်ပြခြင်း ကိုသာလျှင် လုပ်ပေးနိုင်ပါတယ်။

ကျနော်တို့ရဲ့ရည်ရွယ်ချက်က သဘာဝဘေးအန္တရာယ်များထဲက အခုခေတ်မှာ “ပိုပြီး တိတိကျကျ ခန့်မှန်းပေးနိုင်လာတဲ့ သဘာဝဘေးအန္တရာယ်(မုန်တိုင်းအန္တရာယ်)ကျရောက်ခြင်းကို ကြိုတင်သိရှိပြီး ကြိုတင်ပြင်ဆင်/ရင်ဆိုင်နိုင်အောင် ကျနော်တို့ တတ်ကျွမ်းတဲ့ နည်းပညာအထောက်အကူနဲ့ သဘာဝဘေးအန္တရာယ်ကျရောက်လာနိုင်မဲ့ ဒေသတွေက ပြည်သူလူထုကို ကြိုတင်အသိပေးခြင်းဖြင့် လိုအပ်တဲ့ ကြိုတင်ပြင်ဆင်မှုတွေကို အချိန်မီ ဆောင်ရွက်နိုင်ကြစေရန်” ဖြစ်ပါတယ်။

MMWeather “ဘာလဲ”၊ “ဘာတွေလုပ်နေလဲ” “ဘယ်လိုလုပ်နေတာလဲ” ဆိုတာ တင်ပြပေးရုံပါဘဲ၊ MMWeather ရဲ့ မိတ်ဆွေများအားလုံးကို ကျေးဇူးတင်ပါတယ်ဗျား။ MMWeather နဲ့အတူ လက်တွဲပါဝင် ကူညီချင်သူများကို ကြိုဆိုပါတယ်၊ ဘာတွေတော့ ပြုပြင်သင့်တယ်၊ ဘယ်လိုနည်းပညာတွေကိုတော့ ထပ်ပြီး လေ့လာသင့်တယ်ဆိုတဲ့ အကြံပေးခြင်းများကိုလဲ ကြိုဆိုလျှက်ပါ။
…. MMWeather Team ….

You must be logged in to post a comment.