ကုန်းတွင်းမုန်တိုင်း JEBI-09W မြန်မာ-တရုတ်နယ်စပ်အနီးအထိ ဆက်လက်ရွေ့လျားမည်

ဗီယက်နန်နိုင်ငံ မြောက်ပိုင်း(ဟနွိုင်းမြို့မြောက်ဘက် မိုင် ၆ဝ ခန့်မှ ဖြတ်ကျော်၍ ကုန်းတွင်းသို့ဝင်ရောက်ခဲ့ပြီးဖြစ်သည့် မုန်တိုင်း JEBI(09W) သည် ကုန်းတွင်းမုန်တိုင်းအဖြစ်ဖြင့် အနောက်မြောက်ဘက်(Heading 296 degrees)သို့ ဆက်လက်ရွေ့လျားနေပြီး သြဂုတ်လ ၃ ရက်၊ မြန်မာစံတော်ချိန် ၂၄း၃ဝ နာရီနောက်ပိုင်းတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယူနန်ပြည်နယ်သို့ ဆက်လက်ဝင်ရောက်ကာ ဗဟိုလေတိုက်နှုန်း 35 knots သို့ ကျဆင်းမည်ဟု JTWC warning 14 (Final warning) မှ ရရှိသည့် အချက်အလက်များအား ပုံဖေါ်ချက်တွင် တွေ့ရပါသည်(ပုံ)

ကုန်းတွင်းမုန်တိုင်း JEBI သည် သြဂုတ်လ ၄ ရက်၊ မြန်မာစံတော်ချိန် ၁၂း၃ဝ နာရီ တွင် အနီးဆုံး မြန်မာ-တရုတ်(ယူနန်ပြည်နယ်) နယ်စပ်မှ မိုင်၉ဝ ခန့်(မြစ်ကြီးနားမြို့ အရှေ့တောင်ဘက် ၂၂၅ မိုင်ခန့်)အကွာသို့ ရောက်ရှိစဉ်၌ လေဖိအားနည်းရပ်ဝန်းအဆင့်သို့ လျော့ကျသွားမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။ မုန်တိုင်းအကြွင်းအကျန်များသည် မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများသို့ ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်မည့် အခြေအနေဖြစ်သဖြင့် မြန်မာနိုင်ငံမြောက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ကြေငြာထားပါသည်။

နောက်ဆုံးရရှိသည့် ဂြိုလ်ဓါတ်ပုံ animation အရ မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အလယ်ပိုင်းဒေသများသို့ မုန်တိုင်းအကြွင်းအကျန်များ ဆက်လက်ရွေ့လျားမည့် အခြေအနေကိုတွေ့ရသဖြင့် မိုးများပြီး တောင်ကျရေကျဆင်းနိုင်မည့် အန္တရာယ်ရှိနိုင်မည်ကို သတိပြုစေလိုပါသည်။

 

ကုန်းတွင်းမုန်တိုင်း 09W JEBI
03 Aug 2013 1200Z
Location: 22.5 104.8
Winds: 45 knots
Central Pressure: 989 hPa

03AUG-1230MST-TS09W-JEBI

နေ့စဉ်မိုးလေ၀သသတင်း
(၂၀၁၃ ခုနှစ်၊ သြဂုတ်လ(၃)ရက်နေ့ မွန်းလွဲ(၂း၀၀)နာရီအချိန် မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်မှ ကောက်နှုတ်တင်ပြပါသည်)

ယနေ့နံနက်(၀၉း၃၀)နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော (၂၄)နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနှင့် ကယားပြည်နယ်တို့တွင် နေရာကွက်ကျား၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာခဲ့ပြီး၊ မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် ဒေသအလိုက် မိုးကြီးခဲ့ပါသည်။ မှတ်သားဖွယ်ရာမိုးရေချိန်များမှာ ဆောမြို့တွင် (၃.၉၄)လက်မ၊ သာစည်(စိုက်ပျိုးရေး)တွင် (၃.၀၁)လက်မ၊ ရေးမြို့တွင် (၂.၃၆)လက်မ၊ ချောင်းဆုံမြို့တွင် (၁.၈၅)လက်မ၊ မိတ္ထီလာမြို့တွင် (၁.၇၇)လက်မနှင့် မြိတ်မြို့တွင် (၁.၇၃)လက်မတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့တွင် မုတ်သုံလေ အားကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအသင့်အတင့် ရှိနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် (၁၀း၃၀)နာရီအချိန် တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေခဲ့သော အပူပိုင်းမုန်တိုင်း “ဂျီဘီ” (JEBI)သည် ဗီယက်နမ်နိုင်ငံ၊ မြောက်ပိုင်းကမ်းခြေကို ဟနွိုင်းမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့ပြီး ဖြစ်ပါသည်။

မနက်ဖြန်ညနေအထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်းတွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ကယားပြည်နယ်တို့တွင် နေရာစိပ်စိပ်နှင့် ကျန်တိုင်းဒေသကြီးနှင့်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်၍မိုးကြီးနိုင်ပါသည်။ ရွာရန်ရာနှုန်းပြည့် ဖြစ်ပါသည်။

မြန်မာ့ပင်လယ်ပြင်။ မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျှေက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် မိုင်(၄၀)အထိ တိုက်ခတ်နိုင်ပါသည်။ ကျန်မြန်မာ့ပင်လယ်ပြင်တွင် လှိုင်းအသင့်အတင့် ရှိမည်။

နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအထက်ပိုင်းဒေသများတွင် မိုးပိုလာနိုင်ပါသည်။

You must be logged in to post a comment.