အမြန်လမ်းမကြီးပေါ်မှ ယာဉ်မောင်းများသို့ အပိုင်း-၁

မြန်မာနိုင်ငံတွင် ပထမဦးဆုံး စတင်ပေါ်ပေါက်လာသည့် အမြန်လမ်းမကြီး(ခေါ်)Express Way ပေါ်မှ ယာဉ်မတော်တဆမှုများကြောင့် ထိခိုက်သေဆုံးမှုသတင်းများအား လစဉ်လိုလို တွေ့မြင်ကြားသိနေရပါသည်။ ထို့အပြင် အဆိုပါ မတော်တမှုများ ဖြစ်ပွားရသည့် အကြောင်းအရင်းခံအပေါ် လမ်းအား အပြစ်ဖို့သူများ ရှိကြသည်ကဲ့သို့ မတော်တဆ ဖြစ်ပွားရသည့် ယာဉ်မောင်းအပေါ်သို့လည်းကောင်း၊ အမြန်လမ်းမကြီး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်မှ နယ်ခံ ရွာသူရွာသားများ၏ စည်းကမ်းမဲ့ လွှတ်ကျောင်းထားသော ကျွဲ/နွား/ခွေး အစရှိသည့် တိရိစ္ဆာန်များကြောင့် လည်းကောင်း၊ အနှီရွာသူရွာသားတို့ ကိုယ်တိုင် အမြန်လမ်းမကြီးပေါ်သို့ ဆိုင်ကယ်/စက်ဘီးတို့ဖြင့် လမ်းပြောင်းပြန် တက်ရောက်မောင်းနှင်ကြသောကြောင့်လည်းကောင်း၊ စသည် စသည်ဖြင့် ကိုယ်တွေ့ကြုံဆုံကြရသည့် အခြေအနေအတိုင်း မချွင်းမချန် ရင်ဖွင့်ပြောဆိုနေကြသည်ကိုလည်း ကြားသိနေရပါသည်။

ကျွန်တော်သည် ခရီးအလွန်ထွက်ရသည့် ကုမ္ပဏီအလုပ်တစ်ခု၌ ပါဝင် လုပ်ကိုင်နေသူဖြစ်ရကား .. တစ်လ လျှင် အနည်းဆုံး ၁ ကြိမ် ၂ ကြိမ်မှ အများဆုံး ၃ ကြိမ်အထိ – ရန်ကုန်မှ မန္တလေး – ပြင်ဦးလွင် – လားရှိုး – ရန်ကုန်မှ နေပြည်တော် စသည့် ခရီးစဉ်များကို ကုမ္ပဏီမှ မော်တော်ယာဉ်ဖြင့် ခရီးမကြာခဏ ထွက်နေရသူဖြစ်ပါသည်။ အမြန်လမ်းမကြီး စတင်တည်ဆောက်နေချိန် ၂ဝဝ၈- ၂ဝဝ၉ ခုနှစ်မှ စတင်၍ အထက်ပါအတိုင်း ကားဖြင့် ခရီးသွားနေရပြီး ယာဉ်မောင်းရှိသော်လည်း ယာဉ်မောင်းတစ်ယောက်တည်းကို ခရီးအစမှ အဆုံး မည်သည့် အခါကမှ မမောင်းနှင်စေပဲ ၄င်း stress ဖြစ်နိုင်မည့် ခရီးဝေးမောင်းနှင်ခြင်းကို ကျနော်ကိုယ်တိုင်ကူညီမောင်းနှင်ပေးခြင်းဖြင့် Over Stress ဖြစ်ပြီး အိပ်ငိုက်သောကြောင့် ယာဉ်မတော်တဆဖြစ်ခြင်းအား ဉာဏ်မီသလောက် ရှောင်ရှားနိုင်ဆဲ ဖြစ်ပါသည်။

အမြန်လမ်းမကြီး တရားဝင် စတင် ဖွင့်လှစ်ခြင်းမပြုမီ လမ်းဟောင်းမှ ကုန်တင်ယာဉ်ကြီးများကြား၌ မောင်းနှင်ခဲ့ရပြီး၊ အမြန်လမ်းမကြီး၏ ရန်ကုန်-နေပြည်တော် လမ်းပိုင်းအား စတင်ဖွင့်လှစ်ချိန်၌ ရန်ကုန်မှ မန္တလေးသွားလျှင် နေပြည်တော်အား ဖြတ်သန်းပြီး တပ်ကုန်း၊ ရမည်းသင်းမှတစ်ဆင့် မိတ္ထီလာ၊ ဝမ်းတွင်း၊ ကျောက်ဆည် လမ်းမှ မန္တလေးသို့ ၁၂ နာရီကျော် မောင်းနှင်ခဲ့ရပါသည်။ ထိုအချိန်က ည သန်းခေါင်ကျော်သည်အထိ ရန်ကုန်မန္တလေးလမ်းမ(ဟောင်း)ပေါ်တွင် များစွာသော အတွေ့အကြုံကို ရရှိခဲ့ပါသည်၊ မျက်နှာချင်းဆိုင် ယာဉ်တိုက်မှု(Head On Situation) ဖြစ်လုနီးနီး အခြေအနေများလည်း ကြုံတွေ့ခဲ့ရပြီး၊ ပြင်ဆင်နေဆဲလမ်းပိုင်းတစ်ခု၏ လမ်းလွှဲဆိုင်းဘုတ်အား အချိန်မီ မတွေ့သဖြင့် လမ်းဘေးဗွက်တောထဲ ထိုးကျ-ညအိပ်ခဲ့ရသည်လည်း ရှိခဲ့ပါသည်။

ယခု အမြန်လမ်းမကြီးပေါ်ပေါက်လာပြီး ရန်ကုန်မှ နေပြည်တော် – မန္တလေး သို့ ယခင်ထက် အချိန်ကုန် ထက်ဝက်သက်သာပြီး မောင်းနှင်နိုင်ပြီဖြစ်သလို၊ ယခင် လမ်းဟောင်းပေါ်တွင် ကြုံတွေ့ခဲ့ရသည့် Head On Situation ကိုလဲ မကြုံရတော့ပါ၊ သို့ရာတွင် အမြန်လမ်းမကြီးပေါ်တွင် အသက်ဆုံးရှုံးရသူများ ပိုမိုများပြားလာပြီး ယာဉ်မတော်တဆမှုများလည်း ပိုမိုးများပြားလာသည်ကို တွေ့ရပါသည်။ လမ်းကြောင့်လား၊ လူ(ယာဉ်မောင်း)ကြောင့်လား ၂ ခု စလုံးကြောင့်လား – ဤအဖြေကို ရှာဖို့ လိုပါသည်၊ အချို့က အမြန်လမ်းမကြီးအပေါ် မကောင်းမြင်သလို၊ အချို့က အကောင်းမြင်ကြပါသည်၊ အချို့ယာဉ်များ မတော်တဆမှုနှင့် ကြုံဆုံရပြီး ဝမ်းနည်းကြေကွဲဘွယ်ကောင်းလောက်အောင် မိသားစုတစ်စုလုံး ဆုံးရှုံးသွားရသည့် အဖြစ်ဆိုးနှင့် ကြုံရသလို အချို့မှာ အန္တရာယ်ကင်းစွာ၊ ပျော်ရွှင်စွာ မောင်းနှင် ခရီးသွားနေကြဆဲ ဖြစ်ပါသည်။

သို့ဖြစ်လျှင် မတော်တဆမှုတွေ အဘယ်ကြောင့် ပိုမို များပြားလာရပါသနည်း ?? ဤဆောင်းပါးအား ပေးထားသည့် အမည်အတိုင်း မတော်တဆမှုများ ဖြစ်ပေါ်ရခြင်း၏ အကြောင်းရင်းများစွာထဲမှ ၉ဝ ရာခိုင်နှုန်းသည် ယာဉ်မောင်းများကြောင့် ဟု ကျနော် ရိုးသားပွင့်လင်းစွာ တင်ပြလိုပါသည်။ မိမိ၏အသက်တစ်ချောင်းအပါအဝင် ကားပေါ်ပါသူ ခရီးသည်တို့၏ အသက်ကို တန်ဘိုးထားလျှင် –

  • ဤလမ်းမကြီး ကောင်းသည်ဖြစ်စေ၊ ဆိုးသည် ဖြစ်စေ၊ စံချိန်မီသည်ဖြစ်စေ စံချိန်မမီသည်ဖြစ်စေ၊ မဆင်မခြင်မောင်းနှင်ခြင်း၊
  • အလျှင်လိုပြီး သတ်မှတ်ထားသည့် အမြန်နှုန်းထက်ပိုမိုမောင်းနှင်ခြင်း၊
  • မိမိအား ကျော်တက်သွားသည့်ကားကို မခံချင်စိတ်ဖြင့် ပြန်လည် အမီလိုက်ကျော်တက်ရန် ကြိုးစားခြင်း၊
  • အန္တရာယ်များသော လမ်းကွေ့၊ တံတားအဝင်စသည့် နေရာများတွင် အရှိန်လျှော့ပြီး ထိန်းသိမ်းမောင်းနှင်မှု မပြုခြင်း၊
  • ယာဉ်အောက်ပိုင်း Suspension System နှင့် တာယာများ၏ အခြေအနေကို ခရီးမထွက်မီ စစ်ဆေးမှု မပြုပဲ မောင်းနှင်ခြင်း စသည့် မတော်တဆမှု ဖြစ်ပွားစေသော အကြောင်းရင်းခံများကို ဦးစွာ သုံးသပ်သင့်ပါသည်။

================================ အပိုင်း – ၁ ပြီး၏ ===============================

ဆက်လက် ရေးသားပါဦးမည်

 ပုံ(၁)
 P1060396
 ပုံ(၂)
 P1060395

You must be logged in to post a comment.