၁၈၃၉ အင်းဝငလျင်ကြီး အပိုင်း-၂

ဦးတင့်လွင်ဆွေ၏ ဘလော့ post မှ ကူးယူ၍ ဖေါ်ပြပါသည်။ အောက်ပါလင့်မှ မူရင်း post သို့ ဝင်ရောက်ကြည့်ရှုပါရန် …
http://tintlwinswe.blogspot.com/2012/09/1839-innwa-earthquake-part-2.html

၁၈၃၉ အင်းဝငလျင်ကြီးနှင့် ပါတ်သက်၍ Oldham (1883) ၏ မှတ်တမ်းများအရသာ သိရသည်။ လွန်ခဲ့သော ရက်အနည်းက Facebook လက်ဆင့်ကမ်းမှုဖြင့် အင်းဝငလျင်ကြီးနှင့် ဆက်စပ်သော ဓါတ်ပုံအချို့ ရရှိသည်။ နန်းမြင့်မျှော်စင်နှင့် ရွှေစည်းခုံစေတီတော် အထက်ပိုင်းပြတ်ပုံ ဖြစ်သည်။

ပုံ (၁) ၁၈၃၉ အင်းဝငလျင်ကြီးကြောင့် ပြိုပျက်သွားသော အင်းဝ နန်းမြင့်မျှော်စင်။ Watch tower of Innwa damaged by the 1839 earthquake. (From facebook share)

ပုံ (၁) ကို ငလျင်လှုပ်ပြီး နှစ်များ မကြာခင် ရိုက်ကူးထားပုံ ရသည်။ အောက်ခြေ မြေဝင်နှင့် အဆောက်အဦ အောက်ပိုင်းက အပျက်များသည် ကို တွေ့နိုင်သည်။ မျှော်စင်အနီးရှိ မြေသားများကလည်း ပွယောင်းနေပုံ ပေါက်သည်။ ဤပုံကို ကြည့်၍ ပြောနိုင်သည့် အချက်မှာ ငလျင်လှုပ်သဖြင့် မျှော်စင်၏ အောက်ခြေမြေဝင် အရည်ပျော်သွားပုံ (liquefaction) ရသည်။ အင်းဝသည် ဧရာဝတီမြစ် နှင့် မြစ်ငယ်မြစ်တို့ ဆုံရာ အရပ်၌ တည်ထားသောကြောင့် အောက်ခံမြေသည် သဲများသည်။ ထို့အပြင် ရေဝပ်သည်။ ငလျင်လှုပ်ချိန်သည် နွေရာသီ ဖြစ်သော်လည်း မြစ်နှင့် နီးနေသောကြောင့် မြေအောက်ရေလည်း အမြဲရှိကာ ရေမျက်နှာပြင် လည်း မြေပြင်နီးပါး မြင့်သည်။ ထို့အချက်များကြောင့် မြေပျော်မှု (liquefaction) ဖြစ်နိုင်သည်။ အပြန်အလှန်အားဖြင့် မြေပျော်ခြင်းသည် ငလျင်အား ပြင်းထန်ကြောင်း ပြချက်လည်း ဖြစ်သည်။

အခြားတစ်ချက်မှာ မျှော်စင်၏ အောက်ထပ် ကွဲအက်ပြီး အပေါ်ပိုင်းများ အကောင်းတိုင်းကျန်နေခြင်း ဖြစ်သည်။ ငလျင်ဖြစ်ရာအရပ်နှင့် နီးပြီး မြေပျော်မှု ဖြစ်ရပ်နှင့် တွဲစပ်သော ပျက်စီးမှုမျိုး ဖြစ်သည်။ ကြိမ်နှုန်း (frequency) များသော ငလျင်လှိုင်းများက ထက်အောက် ကိုင်ဆောင့်လိုက်သလိုမျိုးဖြစ်ပြီး အချိန်မခြားပဲ မြေပျော်မှုဖြစ်သောကြောင့် အောက်သို့ကျွံကျသဖြင့် အပေါ်ပိုင်းများ ပျက်စီးရန်အခြေအနေသို့ မရောက် တော့ခြင်း ဖြစ်သည်။

ပုံ (၂) အင်းဝနန်းမြင့် မျှော်စင် (၂၀၀၅)
ပုံ (၂) သည် ၂၀၀၅ ဝန်းကျင်က ရိုက်ကူးထားခြင်း ဖြစ်သည်။ (၁) နှင့် (၂) ရိုက်ကူးသည့် ရှုထောင့် မတူ။ သို့သော် တိမ်းစောင်းမှုကို သိသာ ထင်ရှားစွာ မြင်ရသည်။ ငလျင်လှုပ်စဉ်က အပေါ်က အမိုးနှင့် စည်တော် ပျက်သွားပြီး နောက်ပိုင်းမှ ပြန်လည် ပြုပြင်ထားခြင်း ဖြစ်သည်။ ငလျင်ကြောင့်ပင် အင်းဝမြို့ ပျက်သွားကာ အမရပူရသို့ မြို့တော် ပြောင်းလိုက်သည်။ နန်းမြင့်မျှော်စင်ကဲ့သို့ပင် အခြား ထင်ရှားသော အဆောက်အဦ (၂) ခုမှာ ရွှေစည်းခုံစေတီတော်နှင့် မယ်နုအုတ်ကျောင်း တို့ ဖြစ်သည်။
 
ပုံ (၃) ၁၈၃၉ ငလျင်ကြောင့် ခေါင်းလောင်းပုံ အခြေထိ ပြိုကျသွားသော အင်းဝ ရွှေစည်းခုံ စေတီတော်။  (From facebook share)
ပုံ(၃) ၌ မြင်ရသည့်အတိုင်း စေတီတော်၏ ခေါင်းလောင်းပုံ အောက်ခြေမှ အပေါ်ပိုင်းတစ်ခုလုံး ပျက်စီးသွား သည်။ ဤအချက်သည် ငလျင်အား အလွန်ပြင်းကြောင်း ပြသည်။ ၂၀၀၆က ကိုစောထွေးဇော်၏ ရွှေတိဂုံ စေတီတော် ဆန်းစစ်ချက်ကို ရည်ညွှန်း၍ ဆိုရလျှင် ပြင်းအားအဆင့် ၈ ခန့် ဖြစ်သည်။ ပုံ (၅) တွင် ထိုဆန်း စစ်ချက်ကို ပြန်လည် ဖေါ်ပြထားသည်။ ယခင်က အင်းဝငလျင်နှင့် ဆက်စပ်၍ အဆောက်အဦ မှတ်တမ်းမှာ မင်းကွန်း ပုထိုးတော်ကြီးသာ အထင်အရှားရှိခဲ့ပြီး အင်းဝမြို့ပျက်သည့် အထောက်အထားသည် စာမှတ် တမ်း အရသာ သိရသည်။ ထို့ကြောင့် ငလျင်ပြင်းအား မည်မျှ ဖြစ်နိုင်သည်ကို ခန့်မှန်းရန် အခြေခံ အချက် နည်းသည်။ ယခု နန်းမြင့်မျှော်စင်နှင့် စေတီတော် ပုံများကြောင့် ငလျင်ပြင်းအား ၈-၉ ခန့်ရှိနိုင်ကြောင်း သိရသည်။
ပုံ(၄) စေတီတော် ပျက်ပုံကို အခြေခံ၍ ငလျင်ပြင်းအား ခန့်မှန်းပုံ။ (စောထွေးဇော်၊ ၂၀၀၆)။
ပုံ (၅) အင်းဝ မယ်နုအုတ်ကျောင်း။ (၂၀၁၁)။
ထိန်းသိမ်းသည် အတတ်ပညာ ချို့တဲ့မှုကြောင့် သမိုင်းအဆောက်အဦ တစ်ခုဖြစ်သည့် မယ်နုအုတ်ကျောင်း သည် ပုံ၌ မြင်ရသည့်အတိုင်း အဆင်းပျက် ဖြစ်နေသည်။ ၁၈၃၉ မတိုင်မီက ရဟန်းတော် စာသင်သား အများအပြား သတင်းသုံးခဲ့သည် ထိုကျောင်းသည် ငလျင်ကြောင့် ပြိုကျ ပျက်စီးခဲ့ရသည်။ အာရုံတက်၌ လှုပ်သဖြင့် ကျောင်းပြိုကာ ရဟန်းတော် အများအပြား သေဆုံးခဲ့ရသည်။ မှတ်တမ်းအရ ၃၀၀ ခန့်ဟု ဆိုသည်။ ထိုကျောင်းပျက်ကို မင်းတုန်းမင်းမိဖုရား ဆင်ဖြူမရှင်က မူလပုံအတိုင်း ပြန်လည် ဆောက်လုပ် လှူဒါန်းထားသည်။
အင်းဝငလျင်သည် စစ်ကိုင်းပြတ်ရွေ့ လှုပ်ရှားမှုကြောင့် ဖြစ်သည်ဟု အတိအကျ ပြောနိုင်သော်လည်း ပြတ်ရွေ့အလျား မည်မျှရှိသော အပိုင်းဟု မပြောနိုင်သေးပေ။ ထိုသို့ သိရန်အတွက် အခြားသုတေသန လုပ်ငန်းများ ဆက်လက်လုပ်ဆောင်ရန် လိုသေးသည်။ တာလေငလျင်ကဲ့သို့ လတ်တလောကြုံရသည် ငလျင်များအတွက် လှုပ်ရှားသည် ပြတ်ရွေ့အပိုင်းကို တိုင်းတာပြရန်လွယ်သော်လည်း အင်းဝငလျင်ကို ဖြစ်စေသော ပြတ်ကွဲမှုအပိုင်း (Rupturing) ကို ပြရန် မလွယ်ပေ။ အဆောက်အဦမှတ်တမ်းများကို အခြေခံ၍ ဆိုရသာ် မြောက်ဖက် မင်းကွန်း ပုထိုးတော်ကြီးမှ တောင်ဖက် ရွှေစည်းခုံ စေတီတော်အထိ ၂၀ ကီလိုမီတာသည် ငလျင်ဖြစ်ရာအရပ်နှင့် အနီးဆုံးဟု ပဏာမ ကောက်ချက် ဆွဲနိုင်သည်။
ငလျင်ဖြစ်စေသော အနီးဆုံး အကြောင်းသည် စစ်ကိုင်း ပြတ်ရွေ့ ဖြစ်သည်။ ပုံ (၆) တွင် စစ်ကိုင်းပြတ်ရွေ့နှင့် အင်းဝမြို့ တည်နေပုံကို ပြထားသည်။  ပုံ (၇)၌ စစ်ကိုင်းပြတ်ရွေ့ကို စစ်ကိုင်းတောင်ပေါ်မှ ရိုက်ကူး ထားသည် ပုံကို တွေ့နိုင်သည်။ ဧရာဝတီမြစ်သည် မြောက်မှ တောင်သို့ တစ်ဖြောင့်တည်း စီးဆင်းရာမှ စစ်ကိုင်းနှင့် အင်းဝ အကြား၌ အနောက်သို့ ချိုးကွေ့သွားသည်။ စစ်ကိုင်းမြောက်ဖက်၌ စစ်ကိုင်းပြတ်ရွေ့အရာအား ထင်ထင်ရှားရှား မြင်ရသည်။ သို့သော် အင်းဝနှင့် တံတားဦး အကြား၌ မထင်ရှား။
ပုံ (၆) စစ်ကိုင်း ပြတ်ရွေ့၌ မေးတင်ထားသော အင်းဝ မြို့တော်ဟောင်း။ (အနီရောင် မျဉ်းသည် စစ်ကိုင်းပြတ်ရွေ့ နေရာ ဖြစ်သည်။)
ပုံ (၇) စစ်ကိုင်းပြတ်ရွေ့။ စစ်ကိုင်းတောင်ပေါ်မှ ရိုက်ကူးထားသည့်ပုံ ဖြစ်သည်။ ပုံ လက်ဝဲဖက်၌ ဧရာဝတီမြစ် ရှိပြီး မြစ်၏တစ်ဖက်ကမ်းသည် အင်းဝ ဖြစ်သည်။ ပြတ်ရွေ့က အင်းဝကို ဖြတ်သွားသည်။
အင်းဝအရပ်သည် အတိတ်၌ ငလျင်များစွာ လှုပ်ဖူးသည်။ ၁၄၂၉ မှ စလျှင် နှစ်ပေါင်း ၄၀၀ အတွင်း ငလျင် အကြီးစားနှင့် အလတ်စားများ အကြိမ် ၂၀ခန့် မှတ်တမ်း ရှိသည်။ ပုံ (၈) တွင် ပြထားသည်။ ၁၉၅၆ က လှုပ်ခဲ့သော စစ်ကိုင်းငလျင်သည်လည်း ဤပြတ်ရွေ့ အဆစ် အပိုင်းမှ လှုပ်ခဲ့သဖြင့် အင်းဝငလျင်ကဲ့သို့ပင် မှတ်ယူနိုင်သည်။ စစ်ကိုင်းငလျင်သည် လွန်ခဲ့သည် နှစ်ပေါင်း (၆၀) အတွင်း ဤအရပ်၌ နောက်ဆုံး လှုပ်ခဲ့သော ငလျင်ဖြစ်သည်။
ပုံ (၈) အင်းဝအနီးတစ်ဝိုက် အတိတ်က လှုပ်ခဲ့သော ငလျင်များ။
ဦးတင့်လွင်ဆွေအား အထူး ကျေးဇူးတင်ရှိပါသည်။
MMWeather

You must be logged in to post a comment.