ကြိုတင်ခန့်မှန်းရန် ခက်ခဲသော သဘာဝဘေးအန္တရာယ်များ

၂၀၁၂ ခုနှစ်၊ မြန်မာသက္ကရာဇ် ၁၃၇၃-၇၄ ခုနှစ် မဟာသင်္ကြန်အကြိုကာလတွင်း ကြိုတင်မှန်းဆရန် ခက်ခဲသည့် သဘာဝ ဘေးအန္တရာယ်ကြီးများအနက်မှ ဧပြီလ ၁၀ ရက် နံနက် အစောပိုင်းတွင် လောင်ကျွမ်းခဲ့သည့် တောင်ဥက္ကလာပ ၁၀ ရပ်ကွက် ဟေမဝန် ဈေးကြီး၏ မီးလောင်မှုသည် တစ်ခု အပါအဝင်အဖြစ် စာရင်းဝင်သွားပြီဖြစ်ပါသည်။ ဤကာလအတွင်း မြန်မာနိုင်ငံ အထက်ပိုင်းဒေသအချို့တွင် လေပြင်းတိုက်ခတ်ခြင်း မိုးသည်းထန်ခြင်း၊ မိုးသီးကြွေခြင်းစသည်တို့ ဖြစ်ပေါ်ခဲ့သော်လည်း မီးလောင်ကျွမ်းမှုကြောင့် ဆုံးရှုံးရသည်လောက် မဆိုးပါ။

မီးလောင်မှုများကို လူသားများပေါ့ဆမှုကြောင့် ဖြစ်ရသည်မှန်လျှင် ထိုပေါ့ဆမှုကို သတိပေးခြင်း၊ အသိပေးခြင်း၊ အရေးယူလိုက်နာစေခြင်း စသည်တို့ဖြင့် နောင်ထပ်မံဖြစ်ပေါ်လာနိုင်သည့် အခြေအနေအတွက် ကြိုတင် ပြင်ဆင်နိုင်မည်ဖြစ်ပါသည်။

နာဂစ်မုန်တိုင်းကြီး တိုက်ခတ်ခံရမှု အပြီး မြန်မာနိုင်ငံသားများအနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကိုယ်တွေ့ ကြုံတွေ့ခံစားခဲ့ကြရပြီးဖြစ်ရာ၊ နာဂစ်အပြီး ဂီရိမုန်တိုင်း တိုက်ခတ်ခံရသည့် အခါ အထိုက်အလျောက် ကာကွယ် ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ခဲ့ကြခြင်းဖြင့် သဘာဝဘေးအန္တရာယ်မှ လွတ်မြောက်အောင် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ရေလွှမ်းမိုးမှု အန္တရာယ်သည်လည်း မုန်တိုင်းရာသီအတွင်း အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ပြီးခဲ့သည့်နှစ်အတွင်း ဆိုးရွားစွာ ကြုံတွေ့ခဲ့ရကြောင်း သိရှိနားလည်ခဲ့ကြပြီးဖြစ်သည့်အပြင်၊ ပုခုက္ကူမြို့တွင် ဖြစ်ပေါ်ခဲ့သည့် ရုတ်တရက် အရှိန်အဟုန်ဖြင့် စီးဆင်းလာသည့်  တောင်ကျရေကြောင့် ပျက်စီးဆုံးရှုံးမှုများကို ကိုယ်တွေ့ ခံစားခဲ့ကြရပြီဖြစ်ပါသည်။ ထို့ကြောင့် ယခုနှစ်လာမည့် မုန်တိုင်းရာသီအတွင်း ဖြစ်ပေါ်လာနိုင်မည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်မှုများကို ထိုက်သင့်သရွေ့ ဆောင်ရွက်ထားကြပြီးဖြစ်မည်ဟု မျှော်လင့်ပါသည်။

ထိခိုက်သေဆုံးပျက်စီးမှုကို ခန့်မှန်းရန် ခက်ခဲသော၊ မည်သည့်အချိန်မည်သည့်နေရာတွင် မည်မျှအင်အားပြင်းပြင်းဖြင့် ဖြစ်လာနိုင်မည်ကို ခန့်မှန်းရန် မဖြစ်နိုင်သေးသော၊ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ကြိုတင်သိမြင်နိုင်ရန်/ခန့်မှန်းနိုင်ရန် မတတ်နိုင်သော “ငလျင်လှုပ်ခြင်း”ဟူသော သဘာဝဘေးအန္တရာယ်တစ်ခု ကျန်ရှိနေပါသေးသည်။

၁၉၃၀ ခုနှစ် ပဲခူးငလျှင်ကြီးနောက်ပိုင်း တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး အမည်ဖြင့် ဦးတင့်လွင်ဆွေမှ ဆောင်းပါးရေးသားတင်ပြခဲ့ပြီးဖြစ်ပါသည်။ အဆိုပါဆာင်းပါးမှ အရေးကြီးသည့် အချက်နှစ်ချက်ကို ပြန်လည်ကောက်နှုတ်ဖေါ်ပြရလျှင် –

  • စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တည်ရှိနေကြသည့် ရန်ကုန်မြို့အပါအဝင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ မြို့ကြီးများမှာ ကြီးမားသည့် ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ ရာစုနှစ်တစ်နှစ်နီးပါးရှိခဲ့ပြီဟု ဆိုနိုင်ပါသည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင်ကော်မီတီကလည်း http://earthquakemyanmar.wordpress.com/ တွင် တင်ပြထားပါသည်။
  • ၁၉၃၀ နှင့် ၂၀၁၂ ရန်ကုန်မြို့၏ အရွယ်အစား နှိုင်းယှဉ်ချက်
    ၁၉၃၀ ပဲခူး ငလျင်လှုပ်စဉ်က ရန်ကုန်၌ အဆောက်အဦများ ပြိုသဖြင့် လူ ၅၀ ခန့် ဆုံးရှုံးဖူးသည်။ ထိုစဉ်က လူဦးရေ ၁ သိန်းခန့် နေသည်။ ယခု လူဦးရေ ၅သန်း၊ မြို့ပြဧရိယာ အဆ ၂၀၊ ခံနိုင်ရည် ကျဆင်း နေသော အဆောက်အဦများနှင့်ဆိုလျှင် အထိအခိုက် risk သည် များနိုင်ဖွယ်ရာရှိသည်။ ထို့အပြင် မြို့ဧရိယာကို အရှေ့ဖက်ရှိ စစ်ကိုင်းပြတ်ရွေ့ဖက်သို့ ချဲ့နေသည်။ အင်အားပြင်းသော ငလျင်စက်ကွင်းသို့ တိုးဝင် နေသကဲ့သို့ ဖြစ်သည်။ အခြားမြို့များလည်း ထိုနည်းတူစွာပင် ဖြစ်သည်။ မြို့ပြအုပ်ချုပ်သူများ၊ စီမံခန့်ခွဲရေး သမားများအား ဤအချက်ကို အရေးတကြီး စဉ်းစားကြစေလိုကြောင်း တိုက်တွန်းလိုက်သည်။

စသည့် အချက်များဖြစ်ပါသည်။

ထို့အပြင် မြန်မာနိုင်ငံ ငလျင်ကော်မီတီ အတွင်းရေးမှူး ဦးစိုးသူရထွန်း ရေးသားတင်ပြသည့် အချိန်မရွေးလှုပ်နိုင်ခြေရှိသော သုံးခွ ငလျင် ဆောင်းပါးကိုလည်း http://blog.mmweather.com/2012/01/15/return-of-pegu-quake/ တွင် ထည့်သွင်းကောက်နှုတ်ဖေါ်ပြခဲ့ပါသည်။ အဆိုပါဆောင်းပါးမှ အရေးကြီးသည့် အချက်အချို့ကိုလည်း ပြန်လည် ဖေါ်ပြလိုပါသည် –

သုံးခွ- ဖလေးဘုရား ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ၇ ဒဿမ ၂ ရစ်ခ်ျစတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေသည်ဟု ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ်နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေး သော်လည်း ငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာနေကြောင်း၊ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည် သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင်များက သတ်မှတ်ထားသဖြင့် အသေးစိတ် လေ့လာမှုကို ၂၀၀၂ – ၂၀၀၃ နှင့် ၂၀၀၈ – ၂၀၀၉ ခုနှစ် တို့တွင် ပြုလုပ်ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆို သည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာ ဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

“အခုချိန်မှာ အန္တရာယ် ရှိနေပြီလို့ ပြောလို့ရတယ်။ ပမာဏကြီးတဲ့ ငလျင်ကြီး မလှုပ်ရင်တောင် ပမာဏတစ်ခုခုနဲ့ ငလျင်လှုပ်နိုင်ခြေ ရှိတယ်။ အမြဲ သတိထားသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။
ယင်းပြတ်ရွေ့တွင် ငလျင်ကြီး ဖြစ်ပေါ်ပါက ၎င်း၏ ဂယက်ကို ရန်ကုန်မြို့ပါ ခံစားရနိုင်မည် ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုသည်။
ရန်ကုန်မြို့၏ ငလျင်သဘာဝမှာ စိတ်မချရ၊ အသင့်အတင့် သွက်သည့် ငလျင်ရပ်ဝန်း အတွင်းတွင် တည်ရှိနေသဖြင့် မကြာခဏ ခံရမည် ဖြစ်သော်လည်း အင်အား မပြင်းထန်ကြောင်း ရန်ကုန် ဝန်းကျင်ကို ဗဟိုပြု၍ မကြာခဏ လှုပ်နေခြင်းကြောင့် ရန်ကုန်မြို့နံဘေး (ဝါ) မြို့အောက်တွင် အားနည်းသော မြေကြောတစ်ခု ရှိနေသည်ဟု ယူဆ နိုင်ကြောင်း၊ ပဲခူးမြို့မှာမူ အလွန်သွက်သည့် ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည် ဖြစ်၍ ခံရလျှင် ရန်ကုန် ထက် ပိုနာတတ်ကြောင်း ပဲခူးတွင် ငလျင် ခပ်ပြင်းပြင်း ခံရသည်မှာ ၃၂ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသော ဦးမင်းထွေးနောင် (ပညာရေး) ရေးသည့် မြန်မာ့ငလျင် စာအုပ်တွင် ဖော်ပြထားသည်။

 

၂၀၁၂ ခုနှစ်၊ မတ်လ ၂၆ ရက်နှင့် ဧပြီလ ၆ ရက် – ၉ ရက်နေ့များတွင် အောက်ပါအတိုင်း မြန်မာနိုင်ငံအတွင်း အင်အားသေးငယ်သော ငလျင်အချို့ လှုပ်ခဲ့ကြောင်း ထိုင်းနိုင်ငံ မြေငလျင်တိုင်းတာရေးစခန်းမှ ထုတ်ပြန်သည့် အချက်အလက်များတွင် တွေ့မြင်ရပါသည်။ ၄င်းအချက်အလက်များကို တည်နေရာ မြင်သာမှု ရှိစေရန် မြေပုံတွင် ထည့်သွင်းဖေါ်ပြပေးထားပါသည်။ ဤသို့သော အင်အားသေး ငလျင်ငယ်များ လှုပ်ခတ်မှုရှိနေသည့်အတွက် ငလျင်များနှင့်နေထိုင်ခြင်း စာစောင်ကို http://tinyurl.com/7eh3ole မှ ရယူဖတ်ရှုပြီး ကြိုတင်ခန့်မှန်ရန် မလွယ်ကူသည့် သဘာဝဘေးအန္တရာယ်အတွက်လည်း ပြင်ဆင်ဆောင်ရွက်မှုများကို ပြုလုပ်ထားသင့်ပါကြောင်း ထပ်လောင်း၍ အကြံပြု တင်ပြလိုက်ရပါသည်။

Apr 9, 2012      02:03    Myanmar     20° 8′ 24″ N      97° 52′ 48″ E     3.8
Apr 6, 2012       02:34    Myanmar    20° 40′ 12″ N    99° 57′ 0″ E       3.5
Mar 26, 2012    20:52    Myanmar    20° 3′ 0″ N         97° 33′ 36″ E     2.6
Mar 26, 2012    15:31    Myanmar     18° 16′ 12″ N      96° 25′ 48″ E     3.1
MAR 26 2012                   Myanmar     19°57’9.87″N    97° 53′ 24″ E    2.5

 

1 comment to ကြိုတင်ခန့်မှန်းရန် ခက်ခဲသော သဘာဝဘေးအန္တရာယ်များ

  • သူကြီး

    ဒီလိုဆောင်းပါးမျိုးကတော့ ပြည်သူလူထုတွေအနေနဲ့ သေချာသိရှိနားလည်ပြီး ကြိုတင်ပြင်ဆင်ရှောင်ရှားနိုင်အောင် ကျယ်ကျယ်ပြန့်ပြန့်ဖေါ်ပြသင့်ပါတယ်။ တစ်ဆက်တည်းမှာဘဲ ဖြစ်ပေါ်လာခဲ့ရင် ဘယ်လိုကယ်ဆယ်ရေးလုပ်ရမယ်၊ ဘာတွေရှောင်/ဆောင်ရမယ်ဆိုတာ (Public Safety) ကဏ္ဍတစ်ခုမျိုးကိုလည်း အခုချိန်ကတည်းက အခြေခံအဆင့်လောက်ကိုတော့ သိသင့်နေပါပြီ။ အစိုးရနဲ့သက်ဆိုင်ရာ NGO အဖွဲ့အစည်းတွေကလည်း FM, TV တွေမှာ ပညာပေးတွေ ပို့ချသင့်တယ်။ နောက်တော့မှ Rescue Team တွေ ဘယ်လိုလာမယ်၊ သူတို့ကိုဘယ်လိုအထောက်အပံ့ပေးရမယ်ဆိုတာမျိုးအထိပေါ့ဗျာ။
    ခက်တာကလည်း ကျွန်တော်တို့မြန်မာလူမျိုးတွေက ကြိုတင်ပြင်ဆင်တာထက် ဖြစ်လာတော့လည်း ကံပေါ့ ဆိုတဲ့ ပြင်ဆင်ရမယ့်ကုန်ကျစရိတ်နဲ့ အချိန်တွေအတွက် ဆင်ခြေအမျိုးမျိုးပေးပြီး ကံကိုပုံချကြတဲ့အတွက် မလိုလားအပ်တဲ့ အသက်အိုးအိမ်ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ကြတာလည်း မနည်းတော့ပါဘူး။
    ကံကိုပုံချခဲ့လို့ အာဏာရှင်စနစ်အောက်မှာ နှစ်ပေါင်းများစွာနေခဲ့ရသလို တန်ဖိုးမဖြတ်နိုင်တဲ့ ပညာတတ်လူငယ်မြောက်များစွာကိုလည်း ဆုံးရှုံးခဲ့ရပြီးပြီ။ အခုနည်းပညာတိုးတက်နေခဲ့ခေတ်ကြီးမှာလည်း အချက်အလက်တွေသိရပါရက်နဲ့ ထပ်မံပြီးမလိုလားအပ်တဲ့ ဆုံးရှုံးမှုတွေထပ်ပေါ်လာအုံးမယ်ဆိုရင်တော့ ……..။

    တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ လူတွေလည်းတွေးခေါ်စဉ်းစားဥာဏ်တွေ တိုးတက်နိုင်ကြပါစေ။
    ခင်မင်လေးစားလျှက်
    သူကြီး

You must be logged in to post a comment.