တစ်ကျော့ပြန်လှုပ်နိုင်ခြေရှိလာသည့် ပဲခူးငလျင်ကြီး

ပဲခူးငလျင်ကြီးသည် ၁၉၃၀ ခုနှစ်အတွင်းလှုပ်ခဲ့ပြီး ရန်ကုန်မြို့တွင်လည်း အဆောက်အဦအချို့ ပြိုကျ ပျက်စီးကာ အသေအပျောက်ရှိခဲ့ပါသည်။ အဆိုပါငလျင်နှင့်ပတ်သက်၍ http://blog.mmweather.com/2010/09/09/1930-pegu-quake/ တွင် ရေးသားဖေါ်ပြခဲ့ပြီး ဦးတင့်လွင်ဆွေမှလည်း မှားယွင်းသည့် သတင်းများကို ပြုပြင်ပေးခဲ့ပါသည်။

စစ်ကိုင်းပြတ်ရွေ့ကြီးတစ်လျှောက်တည်ရှိနေကြသည့် ရန်ကုန်မြို့အပါအဝင် ကျွန်ုပ်တို့ မြန်မာနိုင်ငံ မြို့ကြီးများမှာ ကြီးမားသည့် ငလျင်ဘေးအန္တရာယ်ကို ကြုံတွေ့ရခြင်းမရှိခဲ့သည်မှာ ရာစုနှစ်တစ်နှစ်နီးပါးရှိခဲ့ပြီဟု ဆိုနိုင်ပါသည်။ ငလျင်အန္တရာယ်နှင့်ပတ်သက်၍ မြန်မာနိုင်ငံ ငလျင်ကော်မီတီကလည်း http://earthquakemyanmar.wordpress.com/ တွင် တင်ပြထားပါသည်။

ဤအခြေအနေတွင် ဆောင်းပါးအတိုင်း အချိန်မရွေး ရုတ်တရက် ဖြစ်ပေါ်လာနိုင်သည့် ငလျင်ဘေးအန္တရာယ်၏ ဆိုးကျိုးများကို မြေငလျင်ကော်မီတီအဖွဲ့ဝင် ဦးတင့်လွင်ဆွေကလည်း Earthquakes of Myanmar and Risk Management-5 မြန်မာပြည်ငလျင်နှင့် ဘေးအန္တရာယ် ထိန်းချုပ်ရေးအစီအမံများ ဆောင်းပါး အမှတ်စဉ်-၅ တွင် အောက်ပါအဓိက အချက်အလက်များကို ဖေါ်ပြခဲ့ပါသည် –

ပြည်မြို့ ငလျင် (၁၈၅၈)နှင့် မြေလတ်ဒေသငလျင်များ
ပုဂံငလျင် (၁၉၇၅)နှင့် တောင်တွင်းကြီးငလျင် (၂၀၀၃)
မြန်မာပြည် အလယ်ပိုင်းကငလျင်များ
မြစ်ဝကျွန်းပေါ်ဒေသငလျင်များ စသည့် အဓိက အချက်အလက် များအပြင် – ၁၉၃၀ ခုနှစ် ပဲခူးငလျင်လှုပ်စဉ်က ရန်ကုန်မြို့အခြေအနေနှင့် ၂၀၁၂ ခုနှစ် ရန်ကုန်မြို့ အခြေအနေတို့ ကွာခြားမှုများကို အောက်ပါအတိုင်း မီးမောင်းထိုးပြထားပါသည် –

၁၉၃၀ နှင့် ၂၀၁၂ ရန်ကုန်မြို့၏ အရွယ်အစား နှိုင်းယှဉ်ချက်
၁၉၃၀ ပဲခူး ငလျင်လှုပ်စဉ်က ရန်ကုန်၌ အဆောက်အဦများ ပြိုသဖြင့် လူ ၅၀ ခန့် ဆုံးရှုံးဖူးသည်။ ထိုစဉ်က လူဦးရေ ၁ သိန်းခန့် နေသည်။ ယခု လူဦးရေ ၅သန်း၊ မြို့ပြဧရိယာ အဆ ၂၀၊ ခံနိုင်ရည် ကျဆင်း နေသော အဆောက်အဦများနှင့်ဆိုလျှင် အထိအခိုက် risk သည် များနိုင်ဖွယ်ရာရှိသည်။ ထို့အပြင် မြို့ဧရိယာကို အရှေ့ဖက်ရှိ စစ်ကိုင်းပြတ်ရွေ့ဖက်သို့ ချဲ့နေသည်။ အင်အားပြင်းသော ငလျင်စက်ကွင်းသို့ တိုးဝင် နေသကဲ့သို့ ဖြစ်သည်။ အခြားမြို့များလည်း ထိုနည်းတူစွာပင် ဖြစ်သည်။ မြို့ပြအုပ်ချုပ်သူများ၊ စီမံခန့်ခွဲရေး သမားများအား ဤအချက်ကို အရေးတကြီး စဉ်းစားကြစေလိုကြောင်း တိုက်တွန်းလိုက်သည်။

အထိအခိုက်နည်းရန် နည်းလမ်းများကိုလည်း ကျွမ်းကျင်သူ အင်ဂျင်နီယာများ၊ ပညာရှင်များနှင့် တိုင်ပင်ကာ အဆောတလျင် ဆောင်ရွက်ရန် အထူး တိုက်တွန်းလိုက်ပါသည်

အောက်ပါဆောင်းပါးကို ကျနော် EMail မှ တစ်ဆင့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်တွင် ရရှိ ဖတ်ရှုရပါသည်။

TUESDAY, MARCH 15, 2011
“လာမဲ့ Supermoon ကြောင့်ပဲခူးနှင့် ခရမ်းသုံးခွတွင် အချိန်မရွေး ငလျင်ကြီး လှုပ်ခတ်နိုင်ခြေရှိ၊ ထိုငလျင်ဂယက် ရန်ကုန်အထိ သက်ရောက်နိုင်” ဆိုသည့် ခေါင်းစဉ်ဖြင့် ၂၀၁၁ ခုနှစ်မတ်လ ၁၅ ရက်တွင် ရေးသားခဲ့သည့် ဆောင်းပါးကို ပြန်လည်ဖတ်ကြည့်ရန် http://arzarni.blogspot.com/2011/03/supermoon.html

အချိန်မရွေး လှုပ်နိုင်ခြေ ရှိသော သုံးခွ ငလျင် (ဦးစိုးသူရထွန်း, မြန်မာနိုင်ငံမြေငလျင်ကော်မတီ အတွင်း ရေးမှူး)

သုံးခွ- ဖလေးဘုရား ပဲခူးငလျင်ပြတ်ရွေ့သည် အချိန်မရွေး ၇ ဒဿမ ၂ ရစ်ခ်ျစတာ စကေးအထိ ရှိသော ငလျင်ကြီး လှုပ်ခတ်နိုင်ခြေ ရှိနေသည်ဟု ငလျင်ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်းက ပြောသည်။ အဆိုပါ ငလျင်ကြောကို တစ်ကျော့ပြန် ငလျင်လှုပ်နိုင်ခြေ ရှိ၊ မရှိ လေ့လာခဲ့ရာ အပြီးသတ် မသုံးသပ်ရသေး သော်လည်း ငလျင်ကြီး ပြန်လှုပ်နိုင်ခြေ ရာခိုင်နှုန်းများသည်ကို တွေ့ရှိရသည့် အတွက် အသေးစိတ် ဆက်လက် လေ့လာနေကြောင်း၊ ၁၉၃၀ ခုနှစ် ပဲခူးငလျင်ကြီး၏ ဗဟိုချက်သည် သုံးခွမြို့နယ်တွင် ရှိသည်ဟု အင်္ဂလိပ် ပညာရှင်များက သတ်မှတ်ထားသဖြင့် အသေးစိတ် လေ့လာမှုကို ၂၀၀၂ – ၂၀၀၃ နှင့် ၂၀၀၈ – ၂၀၀၉ ခုနှစ် တို့တွင် ပြုလုပ်ခဲ့ကြောင်း သုံးခွမြို့နယ်မှ သက်ကြီးရွယ်အိုများ၊ ဘုန်းတော်ကြီးများနှင့် စကားပြောဆို သည့်အခါ ၎င်းတို့က သုံးခွမြို့နယ်အတွင်း ငလျင်ကြောင့် ဖြစ်သော ငလျင်ခွဲချောင်းနှင့် ရေကန်များစွာ ရှိသည်ဟု ဆိုသဖြင့် ဟုတ်မဟုတ် လေ့လာခဲ့ရာ ဟုတ်သည့်ရာခိုင်နှုန်း များသည်ကို တွေ့ရကြောင်း ၎င်းက ပြောသည်။

“အခုချိန်မှာ အန္တရာယ် ရှိနေပြီလို့ ပြောလို့ရတယ်။ ပမာဏကြီးတဲ့ ငလျင်ကြီး မလှုပ်ရင်တောင် ပမာဏတစ်ခုခုနဲ့ ငလျင်လှုပ်နိုင်ခြေ ရှိတယ်။ အမြဲ သတိထားသင့်တယ်” ဟု ၎င်းက ထပ်လောင်းပြောသည်။
ယင်းပြတ်ရွေ့တွင် ငလျင်ကြီး ဖြစ်ပေါ်ပါက ၎င်း၏ ဂယက်ကို ရန်ကုန်မြို့ပါ ခံစားရနိုင်မည် ဖြစ်ကြောင်း ဦးစိုးသူရထွန်းက ဆိုသည်။
ရန်ကုန်မြို့၏ ငလျင်သဘာဝမှာ စိတ်မချရ၊ အသင့်အတင့် သွက်သည့် ငလျင်ရပ်ဝန်း အတွင်းတွင် တည်ရှိနေသဖြင့် မကြာခဏ ခံရမည် ဖြစ်သော်လည်း အင်အား မပြင်းထန်ကြောင်း ရန်ကုန် ဝန်းကျင်ကို ဗဟိုပြု၍ မကြာခဏ လှုပ်နေခြင်းကြောင့် ရန်ကုန်မြို့နံဘေး (ဝါ) မြို့အောက်တွင် အားနည်းသော မြေကြောတစ်ခု ရှိနေသည်ဟု ယူဆ နိုင်ကြောင်း၊ ပဲခူးမြို့မှာမူ အလွန်သွက်သည့် ငလျင်ရပ်ဝန်းအတွင်း တည်ရှိနေသည် ဖြစ်၍ ခံရလျှင် ရန်ကုန် ထက် ပိုနာတတ်ကြောင်း ပဲခူးတွင် ငလျင် ခပ်ပြင်းပြင်း ခံရသည်မှာ ၃၂ ကြိမ် ရှိပြီ ဖြစ်ကြောင်း ၁၉၇၈ ခုနှစ်တွင် ထုတ်ဝေသော ဦးမင်းထွေးနောင် (ပညာရေး) ရေးသည့် မြန်မာ့ငလျင် စာအုပ်တွင် ဖော်ပြထားသည်။

ယင်းပြတ်ရွေ့သည် စစ်ကိုင်းပြတ်ရွေ့၏ အစိတ်အပိုင်း တစ်ခု ဖြစ်သည်။
စစ်ကိုင်းပြတ်ရွေ့၏ သဘောမှာ အကြမ်းဖျင်း နှစ် ၁၆၀ အတွင်း တစ်ကျော့ပြန် ငလျင် ပြန်လှုပ်တက်သည့် ရာခိုင်နှုန်း များသည်ဟု ဆိုသည်။
သုံးခွမြို့ ၉ ရပ်ကွက်တွင် နေထိုင်သော အမျိုးသမီးတစ်ဦးက ငယ်စဉ်မှစ၍ ယခု ၃၅ နှစ်အထိ သုံးခွတွင် ငလျင်ပြတ်ရွေ့ ရှိသည်ကို လူကြီးသူမများ ပြောသည်ကိုလည်း မကြားမိကြောင်း လွန်ခဲ့သော ၁၅ နှစ်ခန့်က ငလျင်အနည်းငယ် လှုပ်သောကြောင့် သုံးခွမြို့နယ် ဘုရားကြီးကျေးရွာမှ ဘုရားကြီး ဘုရားထီးတော် ဆောင်းသွားသည်ကိုသာ သိရှိကြောင်း သုံးခွ မြို့သူမြို့သားတို့၏ စကားထဲတွင် ငလျင်ဆိုသည့် ဝေါဟာရကို ပြောလေ့ပြောထ မရှိသည်မှာ သေချာကြောင်း ပြောသည်။ သုံးခွမြို့ပေါ်မှ အသက် ၆၁ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက လွန်ခဲ့သော ၃၅ နှစ်ခန့်က အတန်အသင့်ပြင်းသော ငလျင်တစ်ခု လှုပ်ခတ်ခဲ့ဖူးသော်လည်း ပျက်စီးသေဆုံးမှု မရှိဟု ဆိုသည်။

“မနှစ်က ရန်ကုန်နဲ့ ပဲခူးမှာ ငလျင်နဲ့ ပတ်သက်တဲ့ ဟောပြောပွဲတွေ၊ ဝပ်ရှော့တွေ လုပ်ခဲ့တယ်။ သုံးခွတို့လို မြို့တွေအထိတော့ မလုပ်နိုင်သေးဘူး။ အန္တရာယ်ဇုန် အတွင်းက မြို့နယ်တွေမှာ အသိပညာပေးဖို့ အမှန်တကယ် လိုအပ်ပါတယ်။
ငလျင်ကော်မတီ အနေနဲ့ အကုန်လုံး လိုက်မလုပ်နိုင်ဘူး။ မြို့နယ်တွေက အုပ်ချုပ်ရေးဆိုင်ရာ အဖွဲ့တွေကို လူမှုဝန်ထမ်းနဲ့ပေါင်းပြီး သင်တန်းပေးတာမျိုး ရှိပေမယ့် သူတို့ကနေ လူထုဆီ အဆင့်ဆင့် ပညာပေးတာမျိုး မရှိသလောက် ဖြစ်နေတယ်” ဟု ငလျင်ကော်မတီမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ခရမ်းသုံးခွမြို့ပေါ်တွင် ယခင်က သစ်သားအိမ်များသာ အဓိက ဆောက်လုပ်ကြသော်လည်း ၂၀၀၀ ခုနှစ်ကျော် ကာလမှ စတင်ကာ တိုက်အိမ်ဆောက်လုပ်မှု များလာသည်ဟု သိရသည်။ သုံးခွမြို့ပေါ်မှ အိမ်ဆောက်ပေးရသူ တစ်ဦးက “ခရမ်းသုံးခွက အိမ်တွေကို အခုနောက်ပိုင်း ရန်ကုန် ဆောက်လုပ်ရေး ကုမ္ပဏီတွေက လာဆောက်တာ ရှိပေမယ့် နည်းတယ်။ ကျွန်တော်တို့ မြို့ပေါ်ကပဲ အဓိက ဆောက်ပေးတာ။ ကျွန်တော်တို့က အတွေ့အကြုံအရ ကျွမ်းကျင်လာတာဆိုတော့ ငလျင်ဒဏ်ခံ အဆောက်အအုံမျိုး ဘယ်လိုဆောက်ရမယ် ဆိုတာတော့ မသိဘူး” ဟု ဆိုသည်။

သုံးခွမြို့နယ် စစ်ပင်ကန်ရွာနှင့် ဖရုံရွာမှ ရွာသား ၅ ဦးအား ငလျင်အန္တရာယ် ရှိသည်ကို သိ၊ မသိ မေးမြန်းခဲ့ရာ မသိပါဟု တညီတညွတ်တည်း ပြောကြားခဲ့သလို ခရမ်းမြို့ပေါ်မှ ကုန်သည်တစ်ဦးကလည်း မသိရှိပါဟု ပြောသည်။
နိုင်ငံတော်အစိုးရ အနေဖြင့် သဘာဝ ဘေးအန္တရာယ် တည်မြဲမိန့်ကို ပြဋ္ဌာန်းထားပြီး ထိုအမိန့်တွင် ပြည်သူများအား သဘာဝ ဘေးအန္တရာယ် အသိပညာပေးမှုကို ဆင့်ကဲပြုလုပ်ရန် ညွှန်ကြားထားသော်လည်း ပေါ်လစီသဘောသာ ရှိနေသေးကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ပြင်းထန်အား အများဆုံးဟု သတ်မှတ်ထား သော ငလျင်ဇုန်များမှာ ပဲခူး၊ ဖြူး၊ မန္တလေး – စစ်ကိုင်း၊ တကောင်း၊ ပူတာအို တနိုင်းနှင့် ကလေးမြို့ – ဟုမ္မလင်း ဒေသတို့ ဖြစ်သည်။
မှ/ရတနာပုံ

ပညာရှင်များက တစ်ဘက်မှာ အသေးစိတ် ဆက်လက် လေ့လာနေကြသလို ရန်ကုန်မြို့နေလူထုနှင့် ခရမ်းသုံးခွ၊ ပဲခူးမြို့များမှာနေထိုင်ကြသည့် ပြည်သူလူထုတို့ အနေဖြင့်လည်း ငလျင်ဘေးဖြစ်လာလျှင် ရင်ဆိုင်ကြုံတွေ့ရမည့် အခြေအနေအတွက် ကြိုတင် တွက်ဆ ပြင်ထားကြရန် လိုအပ်မည်ဖြစ်ပါသည်။ ဤဆောင်ပါးအား MMW တွင် တင်ပြရသည့် ရည်ရွယ်ချက်မှာ ငလျင်ဘေးကျရောက်လာလျှင် ရင်ဆိုင်နိုင်ကြရန် မည်သို့ ပြင်ဆင်ထားရမည်ကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အစီအမံများရေးဆွဲသူ ပညာရှင်များအနေဖြင့် မည်သို့ ဆောင်ရွက်ထားကြသည်ကို အများသိရှိနားလည်စေရန် ဖြစ်ပါသည်။ ငလျင်ဘေးဒဏ်ကျရောက်နိုင်သော ဒေသတွင်း နေထိုင်ကြသော ပြည်သူလူထုမှ သိရှိနားလည်ခြင်းဖြင့် အန္တရာယ်ကြုံတွေ့လာရသည့်အခါ မည်ကဲ့သို့ နေထိုင်ဆောင်ရွက်သင့်သည်ကို ဗဟုသုတ အဖြစ်သိရှိကြစေရန်ဖြစ်ပါသည်။

သတိပြုရမည့် အချက်မှာ ငလျင်ကို မည်သည့်နေရာ၊ မည်သည့်အချိန်တွင် မည်မျှပြင်းပြင်းလှုပ်မည်ဟု မည်သည့် သိပ္ပံပညာရှင်ကမှ အတိအကျ ခန့်မှန်း တွက်ချက် အတည်ပြုနိုင်ခြင်း မရှိသေးပါ။ ဖြစ်နိုင်ခြေရှိကြောင်းကိုသာ ပြောနိုင်သေးသည့် အခြေအနေဖြစ်ပါသည်။ သို့သော် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ စိတ်ဝင်စားစွာ လေ့လာနေကြသည့် သိပ္ပံပညာရှင်ဟုတ်သူ/မဟုတ်သူ အားလုံးသည် ငလျင်လှုပ်မည့် အခြေအနေအား ကြိုတင် ခန့်မှန်းနိုင်ရန် အမြဲတစေ ရှာဖွေလေ့လာနေကြဆဲ၊ သီအိုရီများစွာဖြင့် လေ့လာနေကြဆဲ၊ လေ့လာတွေ့ရှိချက်များအပေါ် ငြင်းခုန်ကြဆဲ ဖြစ်ပါသည်။

မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံ မြေငလျင်ကော်မီတီမှ တင်ထားသည့် ငလျင်များနှင့်နေထိုင်ခြင်း ပညာပေးစာမျက်နှာများသည် ပြည်သူလူထုလက်ဝယ်တွင် ရှိနေရမည့် စာစောင်တစ်ခု ဖြစ်ပြီး အောက်ပါလင့်တွင် ရယူနိုင်ပါသည် –
http://tinyurl.com/7eh3ole
မသိသေးသူများအတွက် MMW မှ တစ်ဆင့် အလွယ်တကူရယူနိုင်ရန် ဤနေရာတွင် တင်ပေးထားမည်ဖြစ်ပါသည်။

You must be logged in to post a comment.