အောက်ပိုင်းမှ ပြဿနာရှာခြင်း

ပြီးခဲ့တဲ့ ၁၅-၁-၂ဝ၁၁ စနေနေ့က မိတ်ဆွေတစ်ယောက်ကို အင်းတိုင်က တရားစခန်းတစ်ခုကို လိုက်ပို့ဖို့ အိမ်က ကားနဲ့ ထွက်ခဲ့ကြပါတယ်။ နေ့လည် ၁၂ နာရီကျော်ကျော်လောက်အိမ်က ထွက်လာကြပြီး အင်းတိုင်တရားစခန်းကို ၁နာရီ ခွဲလောက်မှာ ရောက်ကြပါတယ်။ တရားစခန်းဝင်မဲ့သူကို လိုအပ်တာတွေစီစဉ်ပေးပြီး အပြန်လမ်းမှာ လိုက်ပို့ပေးသူပုဂ္ဂိုလ်ကြီးတစ်ဦးနဲ့ စကားစမြည်ပြောရင်း မှန်မှန်ဘဲ မောင်းပြန်ခဲ့ကြပါတယ်။

ပျဉ်းမပင်နို့ချက်စက်ရုံကျော်ပြီး အကွေ့တစ်ခုမှာ ကားက ရုတ်တရက်နိမ့်ကျသွားပြိး ညာဘက်ကို ဆွဲဆင်းသွားပါတယ်။ ကံကောင်းထောက်မလို့ ဖြည်းဖြည်းဘဲ မောင်းလာတာကြောင့် နောက်ဆုံး အရှိန်သေပြီးတော့ ရပ်သွားပါတယ်၊ ကားရပ်မသွားခင် ဘယ်ညာကွေ့လို့ မရတော့တဲ့အပြင် ဘရိတ်လဲအုပ်လို့ မရတော့ပါ။ ဆင်းပြီး ဂျိုက်ထောက်၊ စစ်ကြည့်လိုက်တဲ့အခါ ညာဘက် အောက်ဘက်ဘောဂျွိုင့် (Lower-Right-Ball-joint)ပြုတ်သွားပြီး ညာဘက် ကားဘီးက ကားဘော်ဒီမှာ လာထောက်နေတာတွေ့ရပါတယ်၊ ပြီးတော့ butterfly-bar က ကတ္တရာလမ်းမနဲ့ ဒရွတ်တိုက်ဆွဲထားလို့ လမ်းပေါ်မှာ ပေ ၄ဝ နီးပါးလောက် အစင်းကြောင်းကြီးလဲ ဖြစ်သွားတာတွေ့ရပါတယ်။

တစ်နာရီကို ၆ဝ – ၇ဝ ကီလိုမီတာနှုန်းလောက်နဲ့ပဲ မောင်းလာတာတောင်မှ ကုန်းထိပ်မှ ကားရပ်တန့်သွားတဲ့ နေရာအထိ ပေ ၄ဝ ခန့်ရှိတာတွေ့ရပါတယ်။ တစ်နာရီ ကီလိုမီတာ ၁ဝဝ နဲ့ အထက် အရှိန်များများမောင်းမိရင်တော့ ဘာဖြစ်မလဲ မသိပါ။ ဘီးတစ်ဖက်က ရပ်နေပြီး၊ butterfly-bar ကလဲ ကတ္တရာလမ်းမနဲ့ တိုက်မိနေတော့ ကားဟာတစ်ပတ်လည်သွားနိုင်ပြီး အခန့်မသင့်ရင် မှောက်သွားနိုင်ပါတယ် ဒီထက်အရှိန်ပြင်းရင် လိမ့်တောင်မှ လိမ့်သွားနိုင်ပြီး ကားတစ်စီးလုံး သုံးမရတော့လောက်အောင် ကျေမွသွားနိုင်ပါတယ်။ ကားပေါ်ပါသူတွေရဲ့ အသက်အန္တရာယ်ဟာလဲ မတွေးဝံ့စရာတွေဖြစ်ကုန်မှာပါ။

အခုရေးသားလိုက်တဲ့ လမ်းအန္တရာယ်ကင်းရှင်းရေး Road Safety ဆောင်းပါးမှာ ကျနော်တင်ပြချင်တာကတော့ ကိုယ်တွေ့ ကြုံလိုက်ရတဲ့ အဖြစ်အပျက် အမှန်တစ်ခုက ရလိုက်တဲ့ “အောက်ပိုင်းကရှာတဲ့ ပြဿနာ“သင်္ခဏ်းစာကို ဝေမျှ အသိပေးချင်တာပါ။

အရှိန်နှုန်းအမြန်နဲ့ မောင်းနှင်ခရီးသွားနေကြတဲ့ ခရီးသွားတွေ၊ ယာဉ်မောင်းတွေအနေနဲ့ သတိပြုသင့်တဲ့ အန္တရာယ်အလွန်များသော အောက်ပိုင်းက ပြဿနာရှာခြင်း ကို ကျနော်ဆက်ပြီးတင်ပြပေးပါမယ်။

ဒီလိုဖြစ်သွားရခြင်းရဲ့ အဓိကပြဿနာဖြစ်တဲ့ ကား ညာဘက် အောက်ဘောဂျွိုင်း ပြုတ်သွားတဲ့ ပုံဖြစ်ပါတယ်။

အောက်ဘောဂျွိုင်းရဲ့ အောက်ခံ ဘောခွက်ဟာ butterfly-bar မှာ ကလစ်နဲ့ ဖမ်းထားတာဖြစ်ပြီး အပေါ်မှာမြင်ရတဲ့ ဂေါ်လီက တော့ ဘီးရဲ့ တိုင်းရော့၊ အပေါ်ဘောဂျွိုင်း၊ ဘရိတ်စံနစ် စတာတွေနဲ့ တွဲနေပါတယ်။

အောက်ဘောဂျွိုင်းပြုတ်သွားတဲ့အခါ butterfly-bar ကို မပြီးထိန်းထားပေးတဲ့ အပေါ်ဘောဂျွိုင်းဆီက လွတ်သွားပြီး ဘutterfly-bar တစ်ခုလုံးအောက်ကို ပြုတ်ကျသွားစေပါတယ်၊ ပြီးတော့ ဘီးတစ်ခုလုံး အောက်ကို ဆွဲပြီးထိန်းထားမထားတော့ဘဲ ကားဘီးက အပေါ်ဘော်ဒီမှာ သွားကပ်ပါတယ်၊ တစ်ချိန်ထဲမှာ butterfly-bar က ကတ္တရာလမ်းနဲ့ ဒရွတ်တိုက်ခြစ်ပြီး အရှိန်ကုန်တဲ့ အထိသွားကာ အရှိန်ကုန်မှဘဲ ရပ်သွားတော့တာပါ။

တစ်နာရီ ကီလိုမီတာ ၁ဝဝ နဲ့ အထက် အရှိန်နှုန်း အလွန်မြန်ရင်တော့ အခုလို ထောက်ပြီး ကားဟာ မှောက်ရုံမျှမက လိမ့်တောင်ထွက်သွားနိုင်ပါတယ်။

အခုလို မြို့နဲ့ နီးနီးမှာဆိုရင် အကူအညီတောင်းရမဲ့ ယာဉ်တွေ ပေါပေမဲ့ အမြန်လမ်းမကြီးလို နေရာမျိုးမှာဆိုရင်တော့ အဲဒီမှာတင် ညအိပ်ရမဲ့ ကိန်းဆိုက်သွားနိုင်ပါတယ်။

hand-phone တွေလဲ မီတဲ့ နေရာဆိုတော့ ကျနော့်အတွက်တော့ အခက်အခဲ သိတ်မကြုံလိုက်ရဘဲ ကားအောက်ပိုင်းပြင်တဲ့ ကားဝပ်ရှော့တွေ တစ်ခုချင်းစီကို ဖုန်းဆက်ပြီး အခြေအနေကိုပြောပြ၊ အကြံဉာဏ်တောင်းတာတွေ လုပ်ရပါတယ်၊ ဘယ်နေရာက ဖြစ်တာ၊ ဘယ်ပစ္စည်းဆိုတာကို အသေအချာပြောပြီးတဲ့နောက် ကားတစ်စီးငှားပြီး အဲဒီ ဝပ်ရှော့က စက်ပြင်ဆရာတွေ ပြန်ခေါ်ဖို့ လုပ်ရပါတယ်။ အဲဒီအချိန်မှာ ညနေ ၃ နာရီ ခွဲလောက်ဖြစ်နေပါပြီ။ ကားပစ္စည်းဆိုင်တွေ မပိတ်ခင်၊ စက်ပြင်ဆရာတွေရဲ့ ဝပ်ရှော့တွေ မသိမ်းခင် အချိန်မီပြန်ပြီး ခေါ်ရမှာပါ။

ကဲ ဒီနေရာမှာ လိုရင်းဘဲ ဖြတ်ပြောရရင် ကံကောင်းထောက်မစွာနဲ့ လူတွေရော ကားရော အန္တရာယ်ဘာမှ မဖြစ်တဲ့ အပြင် အပိုပစ္စည်းကိုလဲ လွယ်လွယ်ကူကူရှာဝယ်လို့ ရလိုက်တာကြောင့် ညနေ ၆ နာရီခွဲလောက် အချိန်မှာ အားလုံး ပြင်လို့ဆင်လို့  ပြီးသွားခဲ့ပါတယ်။

နောက်တစ်ရက် ၁၆-၁-၁၁ မနက်မှာ အဲဒီ အောက်ပိုင်းပြင်တဲ့ ဝပ်ရှော့မှာဘဲ လိုအပ်တာတွေ ထပ်စစ်ကြည့်တဲ့အခါ ဘယ်ဘက်က အောက်ဘောဂျွိုင်းဟာလဲ အလားတူလောင်ပြီး စားနေတာကို တွေ့ရပြန်ပါတယ်။ အဲဒါနဲ့ အဲဒီ ဘယ်ဘက် အောက်ဘောဂျွိုင်းရော၊ ဘယ်/ညာ အပေါ်ဘောဂျွိုင်းတွေရော၊ ဘ်ာညာတိုင်းရော့(Left/Right Tie-Rod Ends)တွေရော အောက်ပိုင်း အကြီးစားပြင်ဆင်မှု လုပ်ရပါတော့တယ်။

အဲဒီမှာ အောက်ပိုင်း ပြင်ဆင်ရင်း ဝပ်ရှော့ ပိုင်ရှင် ကိုအရှည်ကြီး(ဝိဇယ) ပြောတာလေးတွေ တချို့ကို အခုလိုဖေါ်ပြပေးလိုက်ပါတယ် –

အောက်ဘောဂျွိုင်းမှာ ပြဿနာရှိပြီဆိုရင် –

  • ကားစတီယာရင်ဘီးဟာ နဂိုအခြေအနေထက် လေးလာပါတယ်
  • ဘယ်/ညာကွေ့ပြီး နဂိုနေရာပြန်လည်တတ်တဲ့ return လဲ မရတော့ပါဘူး
  • နောက်တစ်ရက်-နှစ်ရက်လောက်မှာ ဖြစ်စေ၊ ချက်ချင်းဘဲ ဖြစ်စေ ဘယ်ညာကွေ့တဲ့အခါ ကြိတ်ပြီး ပွတ်တဲ့ အသံထွက်လာပါတယ် (အဲယားကွန်းဖွင့် မှန်တံခါးပိတ်ပြီးမောင်းနေရင်တောင်မှ အဲဒီအသံကို သဲ့သဲ့ကြားနိုင်ပါတယ်)
  • စတီယာရင်ဘီး လေးလာတဲ့ အချိန်၊ return ပြန်မရတော့တဲ့ အချိန်မှ အသံထွက်လာတဲ့အချိန်ရောက်လာရင်တော့ အောက်ဘောဂျွိုင်းဟာ ဂျိုင့်ရှိပြီါ် မညီညာတဲ့လမ်းများပေါ်မှာ မောင်းမိတဲ့အခါ ပြုတ်ထွက်တော့မှာပါ
  • စတီယာရင်လေးလာကတည်းက ပါဝါစတီယာရင် gun က ဖြစ်တာလားဆိုပြီး ထင်ယောင်ထင်မှားဖြစ်ရာက ကျနော်ကြုံရသလို အောက်ဘောဂျွိုင်ပြတ်ထွက်ပြီး အခန့်မသင့်ရင် ကားမှောက်နိုင်/ အသက်တွေ ဆုံးရှုးရတဲ့ အဖြစ်မျိုးနဲ့ ကြုံရနိုင်ပါတယ်။

အောက်ပိုင်းက ပြဿနာရှာတဲ့ အခြေအနေတွေထဲကမှ တစ်ခုသာဖြစ်ပါတယ်၊ ကျန်တဲ့ ဘရိတ်ပေါက်တာ၊ တာယာကွဲတာ စသည်ဖြင့် ပြဿနာအများကြီးရှိနိုင်ပါသေးတယ်။

ဒီတော့ ကျနော်တို့ ခရီးဝေးထွက်သည်ဖြစ်စေ၊ မြို့တွင်းသွားလာမောင်းနှင်သည်ဖြစ်စေ ကိုယ်ကားကို မသင်္ကာရင်၊ ဒါမှမဟုတ် ကာလအပိုင်းအခြားတစ်ခုစေ့ရင်(၃ လ တစ်ကြီး၊ ၆ လ တစ်ကြိမ် စသည်ဖြင့်) ဘီးအလိုင်းမင်း(Wheel Alignment) ချိန်ခြင်းကို အနည်းဆုံး လုပ်ကြည့်စေချင်ပါတယ်။ ဘီးအလိုင်းမင်း ချိန်လိုက်တဲ့ အခါ အောက်ပိုင်းက ပြဿနာရှာနိုင်တဲ့ မကောင်းတာတွေကို အချိန်မီရှာတွေ့နိုင်ပြီး အချိန်မီ ပြင်ဆင်နိုင်မှာ ဖြစ်ပါတယ်။

MMW မိတ်ဆွေအပေါင်း အောက်ပိုင်မှ ပြဿနာရှာခြင်းကြောင့် ဖြစ်လာရတဲ့ ဘေးအန္တရာယ်များမှ ကင်းဝေးနိုင်ကြပါစေဗျာ …..

6 comments to အောက်ပိုင်းမှ ပြဿနာရှာခြင်း

  • Win Zaw Htoon

    Thanks for sharing and i’ll forward this as many as i can to aware.

  • MoeD

    ခုလို အောက်ပိုင်း(မော်တော်ကား) အတွေ့အကြုံ တွေ တင်ပြပေးတယ် ဦးဝယ်ကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
    အဓိကအကြောင်းရင်းကတော့ ဆင်းရဲမွဲတေတဲ့ နိုင်ငံတခုမှာ မော်တော်ယဉ်ပိုင်ရှင်တိုင်း ကြုံတွေ့နေရတဲ့ ပြဿနာကြီးဖြစ်ပါတယ်။
    လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်ကျော်က ကုလသမဂ္ဂအရာရှိတဦး မြန်မာနိုင်ငံ သို့ လာရောက်စဉ် ဗိုလ်ချုပ်ခင်ညွန့်က တိုင်းပြည်ကြီး အရှိန်
    အဟုန်နဲ့ ဟန်ချက်ညီညီ တိုးတက်နေပါပြီလို့ ပြောလိုက်ပါတယ်၊ အဲ့ဒီ ပုဂ္ဂိုလ် အပြန်ခရီး ဘန်ကောက်မှာ သတင်းစာရှင်းလင်းပွဲလုပ်
    တော့ သူက “ တိုင်းပြည်တပြည်ဟာ ဘယ်လောက်တိုးတက်နေသလဲဆိုတာ အကြမ်းဖျဉ်းအားဖြင့် အဲ့ဒီ တိုင်းပြည်က လူတွေ စီး
    နေတဲ့ မော်တော်ယဉ်တွေ ကို အကဲခတ်ကြည့်တာနဲ့ သိနိုင်ပါတယ် ” လို့ သတင်းထောက်တဦးကို ပြောသွားပါတယ်၊ ရန်ကုန်မြို့
    တော်မှာ 1972 မော်ဒယ်လ် ကားတွေ တောင် တော်တော်လေး တွေ့ နေရသတဲ့။ ကျနော် ယခု နေထိုင်နေတဲ့ မြန်မာနိုင်ငံရဲ့ အိမ်
    နီးချင်း ထိုင်းနိုင်ငံမှာ၊ ကားအဟောင်းဝယ်စီးရင်တောင်မှ သက်ဆိုင်ရာ ကား ကုမ္ပဏီကို ဆားဗစ် အပ်ထားရင် ကီလို ၁သောင်းခွဲ
    တခါ ကုမ္ပဏီက ဖုန်းဆက် အကြောင်းကြားပြီး စစ်ဆေးပေးနေပါတယ်၊ မန်ဘာဝင်ထားရင် ပစ္စည်းဖိုးက လွဲလို့ ကျန်တာ အားလုံး
    အခမဲ့ ဖြစ်နေပါပြီ၊ အဆင့်မြင့် တိကျတဲ့ စက်တွေ နဲ့ တိုင်းတာ စစ်ဆေးပေးနေပါတယ်၊ မြန်မာပြည်မှာတော့ ဝပ်ရှော့ ဆရာတွေကို
    အားကိုးတဲ့ မျက်လုံးတွေ နဲ့ ဟန်လုပ်ပြုံးရယ်ပြရင်း လဖက်ရည်တိုက်၊ ထမင်းကျွေး၊ အနှိပ်ခန်းပို့ စသဖြင့် ဖေါ်လံဖားပြီး ကိုယ့်ကား
    ကို သေချာဂရုစိုက်အောင် စီမံပေးနေရတုန်းဖြစ်နေတဲ့ အတွက် ( အချို့စိတ်ကောင်းစေတနာကောင်းရှိသော ဝပ်ရှော့ဆရာတွေလဲ
    ရှိပါတယ် ) အလွန်ပဲ ရင်မော စိတ်မကောင်းဖြစ်ရပါတယ်။

  • uwinnaing

    ကိုမိုးဒီရေ … ဒီမှာတော့ အခုအချိန်နဲ့ အရင်အချိန် ယှဉ်ပြောရရင် တော်တော်လေး စုံလာတယ်လို့တော့ ပြောနိုင်ပါပြီဗျာ။ Spare Parts တွေ ဝယ်ရတာ အရင်ထက်စာရင်လွယ်တော့လွယ်လာပါပြီ ဒါပေမဲ့ ပစ္စည်းမှန်ဈေးနှုန်းမှန်ဖြစ်ဖို့တော့ လိုသေးတယ်လို့ပြောရဦးမယ်ထင်ပါတယ်။ ကိုမိုးဒီပြောသလို ကားသစ်တွေချည်းဖြစ်လာပြီး၊ branded ဆားဗစ်စင်တာကြီးတွေဖြစ်လာဖို့တော့ လိုသေးတယ်ဗျ၊ အိမ်နီးချင်းနိုင်ငံတွေမှာလို မာစီဒီးစင်တာ၊ ဗောလ်ဗိုစင်တာ၊ တိုယိုတာစင်တာ၊ ဟွန်ဒါစင်တာ၊ နီဆန်းစင်တာ စသည်ဖြင့်ပေါ့ဗျာ အဲသလိုရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်လာရင်တော့ ကောင်းတာပေါ့။၊ အဲသလိုတွေဖြစ်လာမှ ကားပြင်တဲ့အခါမှာလဲ standard တစ်ခုဖြစ်လာမယ်-လဲထည့်ပေးလိုက်တဲ့ spare parts တွေကလဲ မှန်ကန်ပြီး စိတ်ချရတဲ့ပစ္စည်းတွေ ဖြစ်မယ်၊ ကားသစ်တွေ ဝယ်စီးရင်လဲ လုံခြုံစိတ်ချရတဲ့ ကားသစ်တွေ ဖြစ်မယ်ပေါ့ – ဒါကလဲ ကားဝယ်စီးကြသူတွေနဲ့ ကားတွေ အသုံးပြုပြီး ခရီးသွားကြတဲ့ ဒီနိုင်ငံသားတွေ ဘေးအန္တရာယ်ကင်းကင်းနဲ့ အဆင့်ရှိရှိသုံးနိုင်ကြစေချင်တဲ့ စေတနာနဲ့ ပြောတာပါဗျာ နားလည်လွန်းလို့တော့ မဟုတ်ပါဘူး။

    ကျနော်အပေါ်မှာဖြစ်ခဲ့တဲ့ ကိုယ်တွေ ဖြစ်ရပ်လေးမှာ ဒီနိုင်ငံရဲ့ တတ်နိုင်သလောက် ကောင်းအောင်ပြန်ပြင်သုံးတာ၊ တချို့ကားပြင်ဆရာတွေမှာ Safety Standard ဆိုတဲ့ ခံယူချက်မရှိတာတွေကို တွေ့ရပါတယ်၊
    ဥပမာဗျာ သိတ်အရေးကြီးတဲ့ Tie rod end (တိုင်းရော့)၊ Lower-Upper Ball Joint တွေလိုမျိုးမှာ သူ့ကုမ္ပဏီနဲ့သူ့အမျိုးအစားအလိုက် သက်တမ်းတို့ ပြင်ဆင်မှု ဘယ်လောက်အထိသာလုပ်နိုင်တယ်တို့ဆိုတဲ့ standard တွေ ရှိပါတယ်၊ အဲဒီစံတွေနဲ့ မကိုက်ညီတဲ့ လက်မှန်း/မျက်မှန်း press နင်းပြီး ပြန်ပြင်သုံးလိုက်တဲ့ ပစ္စည်းတစ်ခုကြောင့် လူ့အသက်တွေ ဆုံးရှုံးကုန်ရတာမျိုးလဲ ဖြစ်ခဲ/ရှိခဲ့မှာပါ။ သက်တမ်းကုန်တာယာတွေကို ဈေးပေါပေါ လျှော့ရောင်းတော့ အသစ်-သက်သာတယ်ဆိုပြီးဝယ်ထည့်၊ တိုက်ဆွေးတာယာ လမ်းပေါ်မှာ ကွဲတော့ ငွေကုန်လူပန်းထပ်ဖြစ်၊ ကံမကောင်းရင် အသက်သေ၊ တစ်သက်လုံးလူဖြစ်ရှုံး ဆိုတာတွေလဲ အများကြီးရှိမှာပါ။

    ကားပိုင်ရှင်တွေအတွက် ပေါ-ချောင်-ကောင်း ဖြစ်တိုင်း အန္တရာယ်တော့မကင်းဘူး ပေါ-ချောင်-ကောင်း သုံးရင် အန္တရာယ်ဆိုတာလဲ ပေါ-ချောင်-ကောင်း ပြန်ဖြစ်လာတတ်တယ်ဆိုတာလေး သတိချပ်မိကြရင် တော်ပါပြီ။

  • Deltarian

    အခုလို ပြောပြကြတဲ့ ဆရာများအား အထူးကျေးဇူးတင်ရှိကြောင်း ဦးစွာပဏာမ ပြောကြားရင်းနဲ့ နိဂုံးချုပ်လိုက်ပါတယ် …

  • ကျနော်တို့ဆီကနောက်ပြဿနာတစ်ခုကတော့ ကားပိုင်ရှင်တော်တော်များများဟာ ကားပြင်မယ့်ကိစ္စတွေမှာ နှမျောတွန့်တိုနေတတ်ကြတယ်ဗျ။ ဥပမာ Oil seal တွေကနေဆီယိုနေရင် ဆီဖြည့်တာ၊ ရေတိုင်ကီပေါက်နေရင်လည်း ရေဗူးလေးဆောင်ထားတာတို့ပေါ့ဗျာ။ နောက်အကြောင်းပြချက်တစ်ခုက အလုပ်များနေလို့ ကားမပြင်အားသေးဘူးဆိုတာတွေဘဲဗျ။ နောက်ဆက်တွဲအကျိုးတွေကတော့ နည်းနည်းလေးကုန်ကျမယ့်အရာမှာ ကျန်ကျစရိတ်များပြီး နောက်ဆုံးအသက်အန္တရာယ်အထိပါ ဖြစ်လာတော့တာဘဲ။ အများစုဟာ ကားကိုသုံးဖို့လောက်သာစိတ်ဝင်စားကြပြီး ပြင်ဆင်ဖို့ဆိုရင် ဆင်ခြေပေးတတ်ကြတယ်။
    အဓိကကတော့ ကားကိုမှန်မှန်စစ်ဆေးဖို့နဲ့ ပြင်ဆင်မယ့်ကိစ္စတွေကိုလည်း ဦးစားပေးဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။

  • mmweather.ygn

    ကျနော်တို့ဆီကနောက်ပြဿနာတစ်ခုကတော့ ကားပိုင်ရှင်တော်တော်များများဟာ ကားပြင်မယ့်ကိစ္စတွေမှာ နှမျောတွန့်တိုနေတတ်ကြတယ်ဗျ။ ဥပမာ Oil seal တွေကနေဆီယိုနေရင် ဆီဖြည့်တာ၊ ရေတိုင်ကီပေါက်နေရင်လည်း ရေဗူးလေးဆောင်ထားတာတို့ပေါ့ဗျာ။ နောက်အကြောင်းပြချက်တစ်ခုက အလုပ်များနေလို့ ကားမပြင်အားသေးဘူးဆိုတာတွေဘဲဗျ။

    ဟေဟေ့ ကျုပ်ကိုစောင်းပြောနေသလိုဘဲဗျ –
    သူကြီးပြောထားသလိုပါဘဲဗျာ ကားပိုင်ရှင်နဲ့ ကားအငှားမောင်းသူတော်တော်များများက လိမ့်နေပြီးရော နေတတ်ကြတာပါဘဲ – ကျနော်လဲ အလုပ်များလို့ဆိုပြီး သူကြီးပြောသလိုကားမပြင်ဘဲထားတာ ကားပြင်တဲ့အချိန်ဟာ လုံးဝဆက်မောင်းလို့မရဘဲ ထိုးရပ်သွားတဲ့ အချိန်ကျမှ နောက်ဆုံး ဆွဲပြီး ဝပ်ရှော့ပို့ရတာပါဘဲ။ အဲဒီအချိန်ကတော့ အမြန်လမ်းမလို့ခေါ်တဲ့ လမ်းကြီါ်တွေ မရှိသေးဘူးလေဗျာ …. မြို့ထဲနဲ့ အဝေးဆုံး ပဲခူးနဲ့ မှော်ဘီလောက်ပဲ သွားဖြစ်တာကိုး မြန်မြန်လဲ မောင်းလို့ မရပြန်ဘူး၊ အခု အမြန်လမ်းမကြီးတွေပေါ်မှာတော့ ဝှီးကနဲ ဝှီးကနဲ တစ်နာရီကို ၁၄ဝ ၁၅ဝ ကီလိုမီတာနှုန်းလောက်တောင်မှ မောင်းကြတာလေ။ အောက်ပိုင်းကလဲ ပြဿနာရှာရော … တောစောင့်နတ်တွေ – တောင်စောင့်နတ်တွေ ဖြစ်ကုန်ရောပေါ့။
    ကိုခင်ဇော် စီဘောက်မှာပြောသလို တစ်လတစ်ကြီ အလိုင်းမင်းတင်ကြည့်လိုက်ပါ ဈေးလဲ မကြီးပါဘူး အလွန်ဆုံး ၂၅ဝဝ ပေါ့၊ အန္တရာယ်ဖြစ်နိုင်တဲ့ အောက်ပိုင်းက ပြဿနာတွေရှိ/မရှိ စစ်ကြည့်ဖို့တော့ ဒီနည်းက အကောင်းဆုံးနဲ့ ဈေးအသက်သာဆုံးဘဲဗျို့။ ပြင်စရာ/လဲစရာတွေပေါ်လာလို့ ပြင်ရလဲရရင်လဲ ပစ္စည်းကောင်းကောင်းနဲ့ လဲတပ်ကြပေါ့ဗျာ … ကိုယ့်အသက်ကိုယ် နှမျောကြရင်ပြောတာပါ ….

You must be logged in to post a comment.