အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ

မြန်မာနိုင်ငံအတွက် ပထမဦးဆုံးသော အမြန်လမ်းမကြီးအဖြစ်ပေါ်ပေါက်လာပြီးနောက် တဖြည်းဖြည်း လမ်းအသုံးပြုသူများလည်း တိုးတက်များပြားလာကြောင်းတွေ့ရပါသည်၊ အဝေးပြေးလမ်းမကြီးဟု ခေါ်ဆိုသော အမြန်လမ်းမကြီးပေါ်မှ ယာဉ်မတော်တဆဖြစ်ပွားမှုများ အကြောင်း မကြာခဏဆိုသလို ကြားနေရပြီး၊ ဖြစ်လိုက်လျှင်လည်း လူအသေအပျောက်များကြောင်း လေ့လာမိပါသည်။
ထို့ကြောင့် ကြားမိသမျှ မတော်တဆ ဖြစ်မှုများအကြောင်း နှင့် အဝေးပြေးလမ်းမပေါ်မှ ခရီးသွားအတွေ့ အကြုံရှိသူများ၏ ကိုယ်တွေ့ အကြောင်းများကို ဤ post တွင်
လိုက်နာမှတ်သားစရာများအဖြစ် ပါဝင်ကူညီ ဖြည့်စွက်ရေးသားပေးခြင်းဖြင့် အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ ခရီးသွား ပြည်သူ၊ မိသားစုများ၏ အသက်အန္တရာယ်ကို ကာကွယ်မပေးနိုင်သည့်တိုင်
အတိုင်းအတာ တစ်ခုအထိ၊ မှတ်သားလိုက်နာစရာများအဖြစ် ဖေါ်ပြပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အမြန်လမ်းမကြီးများတွင် ကွန်ကရစ် လမ်းခင်းခြင်းနှင့် ကတ္တရာ လမ်းခင်ခြင်းတို့၏ ဆိုးခြင်းကောင်းခြင်းများကို လက်လှမ်းမီသမျှ စုဆောင်းတင်ပြလိုပါသည်။
ကွန်ကရစ်လမ်းခင်းခြင်းသည် (ကတ္တရာလမ်းထက်) –

  • ရာသီဥတုနှင့် မိုးလေဒဏ်ကို ပိုမို ခံနိုင်ရည်ရှိသည်
  • ထို့ကြောင့်-ပြုပြင်ထိန်းသိမ်းမှု စားရိတ်ပိုမိုသက်သာစေသည်၊ တာရှည်ခံသည်
  • ကတ္တရာခင်းလမ်းများထက် ပိုမိုချောမွေ့သဖြင့် အမြန်လမ်းမကြီးများကို ကွန်ကရစ်ဖြင့်သာ တည်ဆောက်ကြသည်ကို အများအားဖြင့် တွေ့နိုင်သည်
  • သို့ရာတွင် စတင်တည်ဆောက်သည့် စားရိတ်မှာမူ ကတ္တရာလမ်းထက် ပိုမို၍ ကုန်ကျမှု များသည်
အဝေးပြေးလမ်းမ(အမြန်လမ်းမကြီး) ၏ လမ်းသားသည် ကွန်ကရစ်လမ်းသားဖြစ်ပါသည်။ ထို့ကြောင့် နိုင်လွန်ကတ္တရာခင်းလမ်းများ(Asphalt Roads)ထက် friction ပို နည်းသဖြင့် လမ်းချော်နိုင်သည့် ဖြစ်နိုင်ခြေ ပိုမိုများသည်ဟု ဆိုနိုင်ပါသည်။

ထို့အပြင် ကွန်ကရစ်လမ်းမကြီးများကို တည်ဆောက်ပြီးစီးပြီးနောက် အမြန်လမ်းမကြီးများ(အဝေးပြေးလမ်းမကြီးများ) အဖြစ်သို့ရောက်ရှိပြီးနောက် အသုံးပြုသူ ယာာဉ်မောင်းများက ကတ္တရာလမ်းများထက် အရှိန်ပိုမို မြန်အောင် မောင်းနှင်နိုင်ကြောင်း တွေ့ရပါသည်။  ချောမွေ့သဖြင့် မြို့တွင်းလမ်းများကဲ့သို့ လှိုင်းတွန့်ထခြင်းလည်းနည်းပါးသည့်အတွက် မိမိမောင်းနေသည့် အမြန်နှုန်း ဘယ်လောက် ရှိနေပြီကို မောင်းသူတော်တော်များများမှ သတိမထားမိပဲ ရှိတတ်ပါသည်။ ထို့ကြောင့်လည်း အမြန်လမ်းမကြီးပေါ်မှ မတော်တဆဖြစ်မှု အများစုမှာ အိမ်စီး ကားကောင်းများဖြစ်ကြပြီး အောက်ပါအချက်များကြောင့် ဖြစ်ရသည်ဟု လေ့လာတွေ့ရှိပါသည် –

  • အမြန်နှုန်းလွန်ကဲပြီး မောင်းနှင်ခြင်း (Over speed)
  • ပေါ့ဆခြင်း(Inattention)
  • လမ်းချော်ခြင်း(Traction Loss)
  • မတော်တဆဖြစ်ရပ်ကြုံတွေ့သည့်အခါ တုန့်ပြန်မှုလွန်ကဲခြင်း(Over Reaction)
  • အန္တရာယ်တစ်ခုခုမှလွတ်အောင် ရုတ်တရက် ရှောင်တိမ်းခြင်း(Crash Avoidance)
  • ယာဉ်ချို့ယွင်းမှု တစ်ခုခုဖြစ်ပေါ်ခြင်း(Mechanical Failure) (ဘီးပေါက်ခြင်း၊ တိုင်းရော့ပြုတ်ခြင်း၊ ရှပ်ကျိုးခြင်း၊ လေကာမှန် ရုတ်တရက်ကွဲခြင်း၊ ညအချိန် ရှေ့မီးကြီး ရုတ်တရက် ပြတ်သွားခြင်း ….. စသည်ဖြင့်)
သို့ဖြစ်လျှင် အမြန်လမ်းမကြီးမှ ခရီးသွားကြသည့်အခါ ကျွန်ုပ်တို့ ဘာကိုဆောင်၍ ဘာကိုရှောင်သင့်ပါသနည်း?

MMW မိတ်ဆွေများလက်လှမ်းမီသမျှ အတွေ့အကြုံ၊ အဖြစ်အပျက်တို့ကို မျှဝေအသိပေးနိုင်လျှင် အမြန်လမ်းမကြီးပေါ်တွင် ရင်နင့်ဘွယ် အဖြစ်ဆိုးများ ကြုံတွေ့ရခြင်းမှ ကင်းဝေးပါလိမ့်မည်။ မိသားစုလိုက် သေဆုံးရခြင်း၊ တစ်သက်လုံး လူစဉ်မမီဖြစ်ရခြင်း စသည့် ဒုက္ခများမှ ရှောင်ရှားနိုင်ရန် ပါဝင် အသိပေး ဆွေးနွေးပေးကြစေလိုပါသည်။

6 comments to အဝေးပြေး(အမြန်)လမ်းမကြီးပေါ်မှ သတိပြုစရာများ

  • သိပ်ကောင်းတဲ့ဆောင်းပါးလေးပါဗျာ။ ဒါမျိုးတွေများများရေးသင့်ပါတယ်။ လောလောဆယ်ထပ်ဆောင်းအနေနဲ့
    ၁။ ကားမောင်းရင် ခါးပါတ်ပါတ်တာ အကျင့်လုပ်ပါ။
    ၂။ ကားမောင်းနေစဉ် လက်ကိုင်ဖုန်းအသုံးပြုမှု လုံးဝရှောင်ကျဉ်ပါ။

    နောက်ပြီး ယာဉ်မောင်းဘေးမှာထိုင်တဲ့သူများအတွက်ကတော့-
    ကျနော်တို့မြန်မာလူမျိုးတွေအစွဲကြီးနေတဲ့အရာကတော့ ယာဉ်မောင်းဘေးမှာထိုင်တဲ့သူက တစ်လမ်းလုံးစကားပြောရမယ်၊ ဒါဆိုယာဉ်မောင်းကအိပ်မငိုက်တော့ဘူးဆိုတဲ့ အစွဲရှိတယ်။ အဲဒါကိုမှားတယ်လို့မုချမပြောနိုင်သလို မှန်တယ်လို့လည်းပြောလို့မရပါဘူး။ ကျနော်ကိုယ်တိုင် စကားအလွန်များသူဖြစ်ပေမယ့် ကားမောင်းနေရင်တော့ (ကိုယ်နဲ့ကီးတဲ့သူတွေကလွဲလို့ ကျန်တဲ့လူတွေဆိုရင်) သူတို့အိပ်နေတာပိုသဘောကျတယ်။ ဒါကြောင့်မို့
    ၁။ ယာဉ်မောင်းအနှောက်အယှက်ဖြစ်စေတဲ့မေးခွန်းမေးခြင်းရှောင်ရှားပါ။
    ၂။ အထူးသဖြင့်ညပိုင်းအထူးအာရုံစိုက်မောင်းနေတဲ့အချိန်မျိုးမှာ မလိုအပ်တဲ့ (အာရုံပိုများစေတဲ့) အရာတွေမပြောပါနဲ့။
    ၃။ ယာဉ်နဲ့ပါတ်သက်ပြီး ကားသမားကိုသိပ်ဆရာမလုပ်ပါနဲ့။ (လူတိုင်းမှာ ငုံ့စိတ်ဆိုတာရှိတယ်ဆိုတာ သတိပြုပါ)။ ဖြစ်နိုင်ရင် ကိုယ်လိုချင်တဲ့ပုံစံ၊ နားချင်တဲ့အချိန်၊ လိုအပ်မယ်ထင်တာတွေကို ခရီးစဉ်မစခင်မှာ ကြိုတင်ပြောပါ။

    ဟီးးး များသွားပြီ နောက်မှဆက်ရေးတော့မယ်။

    သူကြီး

  • uwinnaing

    ကျေးဇူးပါသူကြီးရေ ..
    ပြီးခဲ့တဲ့ စနေ/တနင်္ဂနွေနေ့ အလုပ်လေးနဲနဲ အားတုန်း အမြန်လမ်းပေါ်က မတော်တဆမှုတွေနဲ့ပတ်သက်လို့ ကျနော့် နီးစပ်ရာ မိတ်ဆွေတွေဆီရောက်ပြီး သူတို့ရဲ့ အကြံ/အမြင်လေးတွေ ဖလှယ်ခဲ့ပါတယ်။
    မိတ်ဆွေများရဲ့ ဆွေးနွေးမှုကလဲ အမြန်လမ်းမကြီးပေါ် ကားမောင်းတဲ့ အခါ အဓိက ကျတာတော့ မောင်းသူရဲ့ ဟိုင်းဝေး မောင်းနှင်မှုအတွေ့အကြုံနဲ့ အမြန်နှုန်းကို ကိုယ်မောင်းနေတဲ့ ကားအမျိုးအစားပေါ်မူတည်ပြီး ထိန်းထိန်းသိမ်းသိမ်းးမောင်းနှင်မှုပါဘဲလို့ ပြောကြပါတယ်။
    နောက်တစ်ခု သူတို့ အဓိက ပြောတာကတော့ လေပေါင်ချိန်များတဲ့ကိစ္စပါ၊ ကျနော်တို့တွေရဲ့စိတ်ထဲမှာ လေကို မာမာထိုးထားပြီးမောင်း တာယာအစားသက်သာတယ် ဆိုတဲ့ အယူအဆပါ။ ဟိုင်းဝေးလမ်းမကြီးပေါ်မှာ တာယာစားတယ် ဆိုပြီးပြောနေကြတာတော့ အဲဒီလမ်းမကြီး စပြီး တရားဝင် မဖွင့်ခင်ကတည်းကပါ၊ စမ်းပြီးအသုံးပြုကြရင်း ဒီလိုသတင်းထွက်လာတာ ထင်ပါတယ်။ အဲသလိုနဲက တာယာအစားသက်သာအောင် လေမာမာထိုး(လေပေါင်ချိန် များများ)နဲ့ မောင်းကြတယ်လို့ သိရပါတယ်။ လေပေါင်ချိန်များများနဲ့မောင်းကြတာဟာ တာယာတွေ ကောင်းရင်တော့ အန္တရာယ်သိတ်မရှိပေမဲ့ တိုက်ဆွေးတာယာတွေနဲ့ တွေ့ရင်တော့ အလွန် အန္တရာယ်များတဲ့အကြောင်း မိတ်ဆွေတစ်ဦးကပြောပါတယ်။ ကွန်ကရစ်လမ်းမတွေပေါ်က တချို့ ကျောက်ခဲ ချွန်ချွန်လေးတွေက လေများတဲ့တာယာကို အလွယ်တကူထိုးခွဲလိုက်နိုင်ပါတယ်၊ ရှေ့ဘီးဖြစ်စေ၊ နောက်ဘီးဖြစ်စေ ရုတ်တရက်ကွဲထွက်သွားပြီး အရှိန်နှုန်းကလဲ များနေမယ်ဆိုရင်တော့ ဘေးကို ဆွဲထွက်ပြီး မှောက်ဖို့ကများပါတယ်။
    အဲဒီတော့ ဟိုင်းဝေးလမ်းမကြီးတွေပေါ် ခရီးသွားတော့မယ်ဆိုရင် ကိုယ် မြို့တွင်းမှာ သုံးနေကျ လေပေါင်ထက် ၅ ပေါင်လောက်အထိ လျှော့သုံးသင့်တဲ့အကြောင်း၊ တာယာဝယ်တဲ့ အခါ တိုက်ဆွေးမဝယ်မိဇို့လဲ သတိထားသင့်တဲ့ အကြောင်းနဲ့ အဝေးပြေး အမြန်လမ်းမကြီးပေါ်မှာ သတ်မှတ်ထားတဲ့ မိုင်နှုန်းတွေထက် အနည်းငယ် လျှော့မောင်းသင့်တဲ့အကြောင်း အဲဒီမိတ်ဆွေနဲ့ ဆွေးနွေးဖြစ်ခဲ့တာကို ဆက်လက် တင်ပြလိုက်ပါတယ်ဗျာ ….

  • အဓိက ကတော့တာယာလေပေါင်ချိန်ညီဖို့ပါဘဲ။
    ဒီလိုလမ်းမျိုးမှာမောင်းမယ်ဆိုရင်တော့ စတီးပါတဲ့တာယာသုံးတာ စိတ်ချရပါတယ်။ သူကတာယာကွဲထွက်သွားလည်း အခြေအနေအဆိုးကြီးကိုရောက်မသွားဘူး။ စတီးပါတဲ့တာယာတွေယာ မညီညာတဲ့လမ်းတွေမှာ အလိမ်လွယ်ပေမယ့် အခုလို Express Way တွေမှာတော့ အများကြီးစိတ်ချရပါတယ်။ လေပေါင်လျှော့ထိုးတဲ့အရာကတော့ ကျနော်မလုပ်ဘူးဗျ။ ကျနော်တို့ဒီမှာလည်း ကွန်ကရစ်လမ်းများပါတယ်။ မြန်မာပြည်မှာလည်းကျနော် ပုဂံ၊ ညောင်ဦး၊ ပုပ္ပါး၊ တောင်ကြီး၊ အင်းလေး၊ မန္တလေး၊ လားရှိုးမနားတမ်းမောင်းတယ်။ လေပေါင်ပုံမှန်ဘဲ။ အဲ…. တာယာကိုတော့အပါးမခံဘူး၊ ချက်ခြင်းလဲသုံးတယ်။ အထူးသဖြင့်အိမ်စီးကားလေးတွေမှာ ဘယ်လောက်ဘဲမောင်းမောင်း လေပေါင်အတက်အကျမကွာပါဘူး။ Tube ပါတဲ့တာယာကိုသုံးသလား Tube less ကိုသုံးသလားဆိုတာလည်း ရှိပါသေးတယ်။ ကျနော်ကတော့ Tube less ဘဲကြိုက်တယ်။

  • MoeD

    အဝေးပြေးကားသမားတယောက်ဟာ မျက်စေ့၊ နာခေါင်း၊နားရွက်၊ ပါးစပ် အားလုံး အချိန်နဲ့ တပြေးညီ အလုပ်လုပ်နေရပါမယ်။
    (၁)မျက်စေ့ – မျက်စေ့ရှင်ရှင်ထားပြီး မောင်းပါ၊
    (၂) နာခေါင်း – မိမိမောင်းနေသောကား မှ ထွက်လာသော အနံ့ကို အမြဲ သတိပြုပါ၊ ညှော်နံ့ ၊ ဆီနံ့ etc,
    (၃) ပါးစပ် – ပီကေသော်၎င်း၊ ကွမ်းယာသော်၎င်း အမြဲဝါးနေပါ 😛

  • mmweather.ygn

    ဖုံးကွယ်လူသတ်သမားနှင့် လမ်းအန္တရာယ်ကင်းရှင်းရေး နည်းဗျူဟာများ
    (ဆောင်းပါး – ကြေးမုံသတင်းစာ – ၁ဝ-၁-၂ဝ၁၁ – ရဲဂုဏ်မြင့် ရေးသားသည်)

  • Ko Tint

    အဝေးပြေးလမ်းမကြီးဆိုတာနဲ့ လျော်ညီတဲ့ လမ်းညွှန် အမှတ်အသား မပြည့်စုံဘူး။ လမ်းဘေးက ခရီးတိုင်တွေက မိုင်။ ဖာလုံဆိုပြီးပြတယ်။ ကားရဲ့ မြန်နှုန်းကျတော့ ကီလိုမီတာနဲ့ ပြတယ်။ အဲဒီကတည်းက အမြီး အမောက်မတည့်တာပဲ။ အကွေ့တွေမှာ superelevation မှန်အောင် လုပ်ထားတာက မောင်းနိုင်ခွင့်ပြုတဲ့ အရှိန်နဲ့ဆို မကိုက်ဘူး။ လမ်းပေါ်မှာ ရွံ့ ခဲ သလဲ အများကြီးပဲ။ ရန်ကုန်ကနေ ဖြူးအထိ လှိုင်းထတယ်။ လမ်းမှာရေးထားတဲ့ အဖြူ အဝါ မျဉ်းတွေက မထင်းရှားဘူး။ ညဖက်ဆို ပိုဆိုးတယ်။
    ညဖက်မှာ လမ်းကြောင်းပြ ရောင်ပြန်ပြားလေးတွေ တပ်ထားပေးတာ ကောင်းတယ်။ ဒါပေမယ့် လမ်းဘေးဖက်ကို မမြင်ရဘူး။ လမ်းမနဲ့ လမ်းဘေး (လမ်းပုခုံး) မကွဲဘူး။ လမ်းက တောင်တွေ ဖြတ်ထားပြီး မြက်ပြန်မစိုက်ထားဘူး။ လမ်းခင်းတဲ့သူတွေကို အဝေးကနေမြင်နိုင်မယ့် ရောင်ပြန်အင်္ကျီ၊ လက်အိတ်၊ လုပ်ငန်းသုံး အကြမ်းခံခြေစွပ်ဖိနပ် စတဲ့ တစ်ကိုယ်ရေ အကာအကွယ် ဝတ်စုံ ဝတ်ထားတာ မတွေ့ရဘူး။ လမ်းကို ဖြတ်ပိတ်ပြီး အလုပ်လုပ်နေတဲ့အခါ လုပ်ငန်းခွင်မှန်း ယာဉ်မောင်းသိအောင် အမှတ်အသားကို ကြိုပြမထားဘူး။ ပြပြန်တော့လည်း အနားရောက်မှ တွေ့ရတယ်။ မီတာ ၅၀၀ ကနေ စပြီး ရှေ့တွင် လုပ်ငန်းခွင်ရှိသည်။ အရှိန်လျော့ပါ စသဖြင့် အသိပေး အမှတ်အသားတွေ ပြရမယ်။ လမ်းလွှဲတဲ့အခါ မြင်သာတဲ့ လိမ္မော်ရောင် traffic cone တွေနဲ့ လမ်းလွှဲပေးရတယ်။ ဒါတွေ တစ်ခုမှ မတွေ့ရဘူး။ လမ်းဆက်မခင်းနိုင်သေးလို့ လမ်းကို ဖြတ်ထားလျှင်လည်း (သို့) လမ်းကြောတစ်ခု ပိတ်ထားလျှင်လည်း lane closure အနည်းဆုံး မီတာ ၃၀၀ လောက်က ခွါပြီး လမ်းပိတ်ထားတာကို အသိပေး ထားရမယ်။ နောက် ၂၀၀ မီတာ၊ ၁၀၀ မီတာ၊ ၅၀ မီတာ စသဖြင့် လမ်းညွှန်တွေ ချထားပေးရမယ်။ ပြီးတော့ လုပ်ငန်းခွင်နေရာကို ကာ barricade ထားရမယ်။ ခုတော့ အနားရောက်မှ သစ်သားတန်းကို ဘွားကနဲတွေ့လိုက်တော့ အားလုံးနောက်ကျကုန်ပြီ။ တိုက်မိပြီး သေကုန်ကြမှာပေါ့။
    ပြီးတော့ ရွာတွေက အရှေ့ဖက်မှာ၊ လယ်တွေက အနောက်ဖက်မှာ။ ကျွဲနွား၊ လှည်းတွေ သွားဖို့ လမ်းလုပ်ပေးမထားဘူး။ ဒါက planning လုပ်ကတည်းက စဉ်းစားထားရမှာ။ လမ်းအောက်ကနေ အရှေ့အနောက် လူ၊ လှည်း ကျွဲ နွား အန္တရာယ်ကင်းကင်း သွားလို့ ရအောင် underpass အများကြီး လုပ်ပေးထားရမယ်။ အဲဒါတွေ မလုပ်ပေးပဲနဲ့ နွားတက်လျှင် ဖမ်းမယ်ဆိုတော့ စဉ်းစားသာ ကြည့်ပေတော့။ ဆိုင်ကယ်စီးလျှင် ဖမ်းဦးမယ်တဲ့။ အစကတည်းက စဉ်းစားပြီး ဆိုင်ကယ်ပါသွားလို့ရအောင် လုပ်ထားလျှင် ရတာပဲ။ တစ်ချို့နေရာတွေမှာ မြေဖို့တုန်းရှိသေးတယ်။ ခရီးသည်ကားတွေနဲ့ ဆောက်လုပ်ရေး မြေသယ်ကားတွေ ဒီလမ်းပေါ်ပဲ ဖြတ်သွားကြရတယ်။ လမ်းပြတဲ့သူက ခရီးသယ်ကားကို ပိတ်ပြီး မြေသယ်ကားကို လမ်းကြောင်းပေးတယ်။ အစကတည်းက အသိက မှားနေတာ။ ခရီးသည်ကားကို ဦးစားပေးရမယ် ဆိုတဲ့အသိက လုံးဝ မရှိတော့ဘူး ထင်တာပဲ။ Road diversion ကို စနစ်တကျ မလုပ်တတ်သေးတာပဲပေါ့။ မြေသယ်ကားတွေ သွားတော့ လမ်းပေါ် မြေတွေကျ၊ မိုးရွာတော့ ရွှံ့ဖြစ်၊ ရွှံ့ဖြစ်တော့ လမ်းချော်။ သံသရာ မဆုံးတော့ဘူး။ ငွေကုဋေပေါင်းများစွာ သုံးပြီး ဖေါက်တယ်ဆိုပေမယ့် safety, risk assessment, environmental impact assessment ဘယ်လောက်လုပ်ထားလဲဆိုတာ သိချင်စမ်းပါရဲ့။

You must be logged in to post a comment.