၁၉၃ဝ ပြည့်နှစ် ပဲခူးမြေငလျှင်ကြီး

၂ဝဝ၉ ခုနှစ် စက်တင်ဘာလ ၂၁ ရက်နေ့က http://mmweather.wordpress.com မှာ တင်ထားတဲ့ “၁၉၃ဝ ခုနှစ် ပဲခူးငလျှင်အကြောင်း” ကို ပြန်လည်ကူးယူပြီး အနည်းငယ်ပြင်ဆင်ကာ ဖေါ်ပြပေးလိုက်တာဖြစ်ပါတယ်။ အဲဒီအချိန်က ကျနော် ဒီဆောင်းပါးကို စတင်ရေးသားခဲ့တော့ “မြန်မာနိုင်ငံမှာ ပဲခူးမြို့ငလျှင်လှုပ်ခဲ့တာနဲ့ ပတ်သက်လို့ ရှာဖွေတင်ပြပေးပါရန် တောင်းဆိုချက်တွေကြောင့် ကျနော်လက်လှမ်းမီသလောက် ရှာဖွေရေးသားပေးလိုက်ပါတယ် …. ဒီပို့စ်နဲ့ပတ်သက်လို့ မပြည့်စုံတာနဲ့ မှားယွင်းမှုများရှိနေရင် ခွင့်လွှတ်ဖတ်ရှုပေးကြပါရန် ဦးစွာ မေတ္တာရပ်ခံလိုပါတယ် ခင်ဗျား” လို့ အစချီရေးသားခဲ့တာဖြစ်ပါတယ်။ တချို့သတင်းများကို အဲသည်ခေတ်က ထုတ်ခဲ့တဲ့ သတင်းစာဖြတ်ပိုင်းများကတစ်ဆင့် လိုက်လံ ရှာဖွေပြီး ဘာသာပြန်ဆိုရေးသားခဲ့ရတာမို့ တကယ်မှတ်တမ်းပြုစုထားတဲ့ အခြေအနေတွေနဲ့ လွဲနေတာတွေရှိရင်လဲ ဒီဆောင်းပါးရဲ့ comment နေရာမှာ ပြုပြင်ရေးသား အကြံပြုပေးကြစေချင်ပါတယ်။
မြန်မာနိုင်ငံ ပဲခူးမြို့မှာ ၁၉၃ဝ ခုနှစ် ၊ မေလ ၅ ရက်နေ့ – နေ့လည် ၁နာရီ ၄၅ မိနစ် ၅၈ စက္ကန့်မှာ လှုပ်ခတ်သွားခဲ့တဲ့ ငလျှင်ကြီးဟာ ပြင်းအား ရစ်ခ်ျတာစကေး ၇.၃ ရှိခဲ့ပါတယ်။ ဒီမြေငလျှင်ကြီးကြောင့် ပဲခူးမြို့ တော်တော်ပျက်စီးခဲ့ရပြီး လူပေါင်း ၅ဝဝ ကျော် အသက်ဆုံးရှုံးခဲ့ရကြောင်း သမိုင်းမှတ်တမ်းများမှာ တွေ့ရပါတယ်။ ရွှေမော်ဓေါဘုရားကြီး ငှက်ပျောဖူးတော်ကနေပြတ်ကျခဲ့တဲ့အတွက် ယနေ့ထက်တိုင် ဘုရားရင်ပြင်တော်မှာ တွေ့မြင်နိုင်ပါတယ်။ ဒီ ပဲခူးမြေငလျှင်ကြီးကို ကျောက်ဖြူ၊ မြိတ် နဲ့ ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့များနှင့် ထိုင်းနိုင်ငံက တောင်မှ ခံစားသိရှိကြတယ်လို့ မှတ်တမ်းများမှာ ရေးသားဖေါ်ပြထားပါတယ်။ ပဲခူး-စစ်တောင်း တူးမြောင်းရဲ့ တာဝ ရေတံခါးဟာ အဲဒီအချိန်က ဝ.၇၇ ပေအထိ မြင့်တက်သွားတယ်လို့ ဖေါ်ပြထားတာလဲ တွေ့ရပါတယ်။

၁၉၃ဝ ခုနှစ်မေလ ၈ ရက်နေ့ထုတ် သြစတေးလျှနိုင်ငံထုတ် The Sunday Morning Herald သတင်းစာကြီးမှာ ….

“ပဲခူးငလျှင်ကြီးနဲ့ ပတ်သက်လို့ ရန်ကုန်က ရရှိတဲ့သတင်းများအရ – လူ ၅ဝဝ မှ ၇ဝဝ အထိသေဆုံးတယ်လို့ သိရကြောင်း၊ တစ်နာရီခန့်စီခြားပြီး မြေငလျှင် ၃ ကြိမ်ဆက်တိုက်လှုပ်ခတ်ခဲ့ကြောင်း၊ ပဲခူးမြို့ ပန်းလှိုင်ရပ်မှ မျက်မြင်သက်သေတစ်ဦးကအဲဒီနေရာက ၂မိုင်ပတ်ဝန်းကျင်လောက် ကျယ်ဝန်းတဲ့နေရာမှာ မီးလောင်ခဲ့တာဖြစ်ပြီး၊ လူရာပေါင်းများစွာဟာ အပျက်အစီးများကြားမှာ တိုးဝှေ့ပြေးလွှားရင်း မီလောင်သေဆုံးကြရကြောင်း၊ “မျိုးချစ်” ရုပ်ရှင်ရုံ တစ်ရုံထဲမှာပင် လူပေါင်း ၅ဝခန့်သေဆုံးရကြောင်း၊ ပထမအကြိမ် ငလျှင်လှုပ်လိုက်ပြီးတဲ့အခါမှာ တစ်မြို့လုံးမှောင်ကျသွားကြောင်း၊ လျှပ်စစ်မီးကြိုးတွေပြတ်ကျကုန်ပြီး ဈေးအတွင်းက သစ်သားဈေးရုံးတွေမှာ မီးစလောင်တာ တွေ့ရကြောင်း၊ ရေကန်တွေနဲ့ ချောင်းကမ္ဘားတွေကျိုးကုန်လို့ လျှံထွက်လာတဲ့ရေထုဟာ ၄ ပေ လောက်အထိကြီးလာပြီး နောက်ပိုင်းမှာ လှိုင်းတွေနဲ့ရောနှောသွားကြောင်း၊ အတည်မပြုနိုင်တဲ့ သတင်းတွေက ပုခုက္ကူ၊ မေမြို့(ယခု-ပြင်ဦးလွင်)နဲ့ မန္တလေးမြို့များမှာလဲအကြိးအကျယ်ပျက်စီးဆုံးရှုံးမှုတွေရှိကြောင်း”….. စသည်ဖြင့် ရေးသားဖေါ်ပြထားတာတွေ့ရပါတယ်။

ဒီပဲခူးမြေငလျှင်ကြီးမလှုပ်မီ ၁၉၂၉ ခုနှစ်၊ သြဂုတ်လမှာ ဆွာမြို့ငလျှင်နဲ့ ပဲခူးငလျှင်ကြီးလှုပ်ပြီးနောက်၁၉၃ဝ ခုနှစ် ဒီဇင်ဘာလ ၃ ရက်/ ၄ရက်နေ့တွေမှာ ဖြူးမြို့မှာ လှုပ်ခဲ့တဲ့ ငလျှင်တွေကို အိန္ဒိယ သတင်း မှတ်တမ်းတစ်ခုမှာ မှတ်တမ်းတင်ထားတာလဲတွေ့ရပါတယ်။အဲဒီ သတင်းမှတ်တမ်းမှာဘဲ ……“ရန်ကုန်မြို့ရဲ့မြောက်ဘက် ၅၈ မိုင်ခန့်မှာရှိတဲ့ ပဲခူးမြို့ဟာ ငလျှင်ဒဏ်ကိုခံရပြီးတဲ့နောက် မီးလောင်မှုကြောင့် လုံးဝပျက်စီးသွားပြီဟု ယူဆရကြောင်း၊ အဆောက်အဦအပျက်အစီးများပြိုကျပိမိမှုနဲ့ စစ်တောင်းမြစ်တစ်လျှောက်ရုတ်ချည်း တက်လာတဲ့ဆူနာမီလှိုင်းများရိုက်ခတ်ဖုံးလွှမ်းမှုကြောင့် လူ ၅ဝဝဝ မှ ၇ဝဝဝ လောက်အထိသေဆုံးနိုင်ကြောင်း၊ ပဲခူးမြစ်ကမ်းပါးများပြိုကျကုန်ကြောင်း၊ ပဲခူးမြို့မြောက်ဘက် ရန်ကုန်-မန္တလေး ရထားလမ်းပေါ်က သံမဏိတံတားကြီးလဲ ပြိုကျပျက်စီးသွားခဲ့ရကြောင်း၊ရန်ကုန်မြို့မှာပင် သေဆုံးသူ ၅၈ ဦးနဲ့ ဒဏ်ရာရသူ ၂ဝ၄ ဦးရှိကြောင်း၊ အဆိုးဆုံးက ရွှေတိဂုံကုန်းတော်ပေါ်မှာဖြစ်ပြီး ရွှေတိဂုံစေတီတော်ကြီးရဲ့ ထီးတော်လဲ ပေ ၃၇ဝခန့်သို့ ကျဆင်းပြီးမြေခခဲ့ရကြောင်း၊ ရန်ကုန်မြို့မှာ ကြီးမားတဲ့ အဆောက်အဦ ၅ဝခန့် ပျက်စီးကြောင်း၊ စစ်တောင်းမြစ်တစ်လျှောက်တက်လာတဲ့ ဆူနာမီလှိုင်းတွေကြောင့် ရှေးယခင်က ပင်လယ်ဆိပ်ကမ်းတံတားဖြစ်ခဲ့တဲ့ ပဲခူး ဆိပ်ခံတံတားအားလုံးနီးပါးပျက်စီးခဲ့ရကြောင်း” … စသည်ဖြင့် ရေးသားထားတာတွေ့ရပါတယ်။

နောက်ပိုင်း သတင်းစာတွေမှာ အတည်ပြုရေးသားခဲ့တာကတော့ လူ ၂ဝဝ ခန့်သေဆုံးတယ်လို့ ဖေါ်ပြထားကြောင်း အထက်ပါသတင်းမှာ ဖြည့်စွက်ရေးသားထားတာတွေ့ရပါတယ်။ NASA ရဲ့ ADS (NASA Astrophysics Data System) မှာ မြန်မာနိုင်ငံ ပဲခူးမြို့မြေငလျှင်လှုပ်ခတ်ခဲ့တာနဲ့ အလားတူမြေငလျှင်လှုပ်ခတ်မှု သမိုင်းအထောက်အထားများများကို ၁၅၈၂ / ၁၆၄၄ / ၁၈၃၀ / ၁၈၈၈ / ၁၉၁၃ နဲ့ ၁၉၁၇ ခုနှစ်များမှာလည်းမှတ်တမ်းတင်ထားရှိကြောင်း သိရပါတယ်။ ပဲခူးမြို့မြောက်ဘက် ၁၅ ကီလိုမီတာလောက်မှာ ရှိတဲ့ ဘုရားကြီးမြို့က ဒေသခံ ရှေးလူကြီးများပြောပြချက်အရ အခုသိပံမှတ်တမ်းများမှာ မတွေ့ရသေးတဲ့ မြေပြင်ပေါ်မှာ အလျားလိုက် ၆ မီတာ ပြတ်ရွေ့-ရွေ့လျားမှုကို အဲဒီဒေသမှာတွေ့မြင်ရကြောင်း ၊ အဲသလောက်အကွာအဝေးအထိ ရွေ့သွားခဲ့ရတဲ့ လယ်ကွင်းတချို့ကိုလည်းတွေ့မြင်နိုင်ကြောင်း၊ နှစ်ပေါင်း ၄၅ဝ ကျော်ကြာမြင့်ခဲ့ပြီဖြစ်တဲ့ ပဲခူးမြို့ဟောင်းမြို့ရိုးဟာလဲ ပဲခူးမြို့ပေါ်က ဖြတ်သွားတဲ့ စစ်ကိုင်းပြတ်ရွေ့ကြောကြီးရဲ့ လားရာအတိုင်း ၆ မီတာခန့် အလျားလိုက်ရွေ့လျားကွဲပြတ်နေတာတွေ့ရပြီး၊ ဒေါင်လိုက်ရွေ့လျားမှု မတွေ့ရကြောင်း .. ရေးသားထားပါတယ်။

ဗြိတိသျှတို့ရဲ့ ဒုတိယ အင်္ဂလိပ်-မြန်မာစစ်ပွဲ (၁၈၅၂-၁၈၅၃) မှတ်တမ်းမှာ – ဘိုးတော်ဘုရား (၁၇၈၁-၁၈၁၉) လက်ထက်မှာ အင်းဝခေတ် လို့ ကျော်ကြားခဲ့ကြောင်း၊ အင်းဝနေပြည်တော်ကို အမရပူရ သို့ ရွှေပြောင်းခဲ့ကြောင်း၊ ဘကြီးတော်ဘုရား (၁၈၁၉-၁၈၃၇) လက်ထက်မှာ တရားစီရင်ရေး ရုံးချုပ်ကို အင်းဝ (ပဲခူး) သို့ပြန်လည်ရွှေ့ပြောင်းခဲ့ကြောင်း၊ နောက်ဆုံး ၁၈၄၁ ခုနှစ်မှာ မြေငလျှင်ကြီးလှုပ်ခတ်ခဲ့ကာ အပျက်အစီးများပြားတဲ့အတွက် အမရပူရသို့ လုံးဝရွှေ့ပြောင်းသွားခဲ့ရကြောင်း၊ အင်းဝနေပြည်တော်မှာ ကျန်ရှိတဲ့ နန်းတော်အဆောက်အဦးတချို့ဟာ ၁၉၃ဝ နဲ့ ၁၉၃၉ ခုနှစ် ငလျှင်များကြောင့် လုံးဝ ပျက်စီးသွားခဲ့ရတယ်လို့ ရေးသားဖေါ်ပြထားတာကို လေ့လာရပါတယ်။အခြားမှတ်တမ်းတစ်ခုမှာတော့ -၁၉၃ဝ ခုနှစ် မေလ ၅ ရက်နေ့ ငလျှင်လှုပ်ခတ်မှုသည် ပဲခူးမြို့နှင့် ရန်ကုန်မြို့တို့တွင် အပျက်အစီးများခဲ့ကြောင်း၊ ရန်ကုန်မြို့မှာ ၄၄ ဦးသေဆုံးပြီး ၃၆ ဦး ဒဏ်ရာရကြောင်း၊ ရန်ကုန်မြို့မှာ အဲဒီအချိန်က အင်္ဂလိပ်အစိုးရကို တော်လှန်ပုန်ကန်တဲ့အခြေအနေတွေလည်း သာယာဝတီ စတဲ့ ဒေသတွေမှာ ရှိနေခဲ့တာကြောင့် ဆူပူမှုတွေပါ ဖြစ်ပေါ်နေခဲ့ပြီး စစ်ပုလိပ်တွေက အခြေအနေကို ခက်ခက်ခဲခဲ ရင်ဆိုင်ထိန်းသိမ်းခဲ့ရတယ်လို့ .. ရေးသားထားတာတွေ့ရပါတယ်။MMWEATHER မှ ပန်ကြားချက် -ပဲခူးမြို့မှာ ၁၉၃၁ ခုနှစ်က လှုပ်ခတ်ခဲ့တဲ့ ငလျှင်ကြီးနဲ့ပတ်သက်လို့ နီးစပ်ရာ ရှာဖွေလေ့လာပြီး အဆင်ပြေအောင် ဆက်စပ်ရေးသားဖေါ်ပြပေးလိုက်တာမို့ အမှားပါခဲ့ရင် ခွင့်လွှတ်ဖတ်ရှုပေးကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

3 comments to ၁၉၃ဝ ပြည့်နှစ် ပဲခူးမြေငလျှင်ကြီး

  • mmweather.ygn

    ဥိးတင့်လွင်ဆွေ၏ ပဲခူးငလျှင်နှင့်ပတ်သက်သည့် ဘလော့တွင် …
    ငလျင်နှင့် ပြင်းအား
    ၁၉၃၀ မေလ (၅) ရက်နေ့ ညဦးပိုင်း (၈ နာရီ ၁၅ မိနစ် ၂၇ စက္ကန့်)* တွင် ပဲခူးမြို့အနီးကိုဗဟိုပြု၍ ငလျင်ကြီးတစ်ခု လှုပ်ခဲ့သည်။ ပဲခူးမြို့ပျက်သည်ဟု သိရသည်။ ဗဟိုချက်ပြင်းအား ရိုဆီဖိုရယ်အတန်း (၉) ရှိသည်ဟု ကော်ဂျင်ဘရောင်းနှင့်အဖွဲ့ (၁၉၃၂) ကပြခဲ့သည်။ အာဘီ (၁၉၈၁) က ငလျင်လှိုင်းပမာဏ (၇.၃) ရှိသည်ဟုဆိုသည်။ မြေပေါ်ဗဟိုချက်ကို (မြောက် ၁၇ ဒီဂရီနှင့် အရှေ့ ၉၆.၅) ဟုဆိုသဖြင့် ယခု ခရမ်းမြို့နယ် ဇီးဖြူကုန်းရွာဝန်းကျင်၌ကျသည်။ ငလျင်အရှိန်ကို မြောက်ဖက်မိုးမိတ်၊ အနောက်ဖက်ကျောက်ဖြူ၊ ရှမ်းပြည်တောင်ပိုင်း၊ အရှေ့ဖက် ထိုင်းနိုင်ငံ၊ တောင်ဖက် မြိတ်နယ်တစ်ခွင်လုံးခံစားရသည်။ နယ်မြေအ၀န်းအားဖြင့် ဧရိယာကီလိုမီတာ ၅၇၀၀၀၀ ခန့်ဟု မှန်းဆကြသည်။
    ပဲခူးနှင့် သုံးခွအကြားသည် အပျက်ဆုံးဖြစ်သည်။ ပဲခူးသည် စက္ကန့်ပိုင်းအတွင်း၌ပင် မြို့၏အစိပ်အပိုင်းအတော်များများ ပျက်စီးသွားသည်။ ချက်ချင်းပင် မီးထလောင်ကျွမ်းပြီး လူ ၅၀၀ခန့်အထိသေဆုံးသွားသည်။ ကိုယ်တွေ့ကြုံသူအပြောအရ ငလျင်သည် ၂ ဆင့်ဖြစ်သည်။ ပထမတစ်ချက်က ဆတ်ကနဲတုန်သွားပြီး ၃၊၄ စက္ကန့်အတွင်းမှာ ဒုတိယအပြင်းစားကြီးလှုပ်သွားခြင်းဖြစ်သည်။ လှုပ်ချိန် စက္ကန့် ၃၀ ပင် မကြာတတ်ပါ။ လူအများမြေပြင်ပေါ်ဝပ်နေကြရသည်။ တင်းနစ်ကွင်းမြေပြင်လှိုင်းထနေသည်ကို မြင်ကြရသည်။ ရထားဘူတာက နာရီသည် မြန်မာစံတော်ချိန် ၈း၁၈း၃၀ တွင်ရပ်နေသည်။ တော်လဲသံကြီးမြည်ဟီးသည်ကို ကြားကြရသည် ….
    ဆက်လက်ဖတ်ရှုလေ့လာနိုင်ကြရန် ဦးတင့်လွင်ဆွေ၏ ဘလော့စာမျက်နှာသို့

    • Tint Lwin Swe

      ကိုဝင်းနိုင်
      အိန္ဒိယသတင်းကတော့ မမှန်ဘူးဗျ။ ငလျင်ဇစ်မြစ်နဲ့ လှုပ်တဲ့အရပ်က ကုန်းတွင်းဆိုတော့ ဆူနာမီမဖြစ်ပါဘူး။ ရန်ကုန်မြစ်နဲ့ ပဲခူးမြစ်ရေ ဘောင်ဘင်ခတ်တာတော့ ရှိမှာပေါ့ဗျာ။ မြို့ရိုးဟောင်း ပြတ်ပြီး ရွေ့တယ်ဆိုတာလည်း မဟုတ်ပါဘူး။ မြေပြင်ကွဲတာတော့ ဟုတ်ပါတယ်။ ဆရာကြီးငွေဥဒေါင်းရဲ့ တစ်သက်တာမှတ်တမ်းမှာ ပါမယ်ထင်တယ်။ ကျွန်တော်တို့ သုတေသနလုပ်နေပါတယ်။ ရွှေမောဓေါနဲ့ အနီးနားက စေတီတော်တွေမှတ်တမ်းအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀၀၀ အတွင်းမှာ ငလျင်ကြီး ၃၂ ကြိမ်လောက်လှုပ်ခဲ့တယ်ဆိုပဲ။ (ရန်ကုန်မြို့နားက ငလျင်များ ဆောင်းပါးကြည့်ပါရန်။) ဒါပေမမယ့် အင်းဝဖက်ကငလျင်တွေနဲ့တော့ မဆက်စပ်ပါဘူး။
      လေးစားလျှက်
      တင့်လွင်ဆွေ

  • mmweather.ygn

    ပြည်တွင်းမှ Blogspot ဖတ်ရှုရန်အဆင်မပြေသူများအတွက် ကျန်ရှိသော စာသားများကို မူလစာရေးသူရေးသားထားသည့်အတိုင်း ကူးယူဖေါ်ပြထားပါသည်။
    မူလစာအား ပုံများနှင့်တကွ ဖတ်ရှုရန် http://tintlwinswe.blogspot.com/2010/06/blog-post.html
    ======================================================================================
    အုန်းနှဲရွာကိုယ်တွေ့ကြုံပြန်ပြောချက်အရ မြေပြင်သည် ထက်အောက်ဘေး လိမ့်နေသည်။ ပင်လယ်တွင် လှိုင်းကြက်ခွပ်ရိုက်သကဲ့သို့ပင်ဖြစ်သည်။ ခရမ်း၌လှုပ်ချိန် တစ်မိနစ်ခန့်ဟု ခန့်မှန်းကြသည်။ လေပြင်းကျသည့်အသံမျိုးလည်းမည်သည်။ သုံးခွတွင် အရှေ့အနောက်လားရာအတိုင်းလှုပ်သည်။ လူအများမြေပြင်တွင်ဝပ်နေကြရသည်။ လေးလံသောဘီရိုကြီးများလဲပြိုကြသည်။ တော်လဲသံကြားရသည်။
    မြေပြင်သည်အကြီးအကျယ်ကွဲပျက်ကုန်သည်။ သဲရေများပန်းထွက်ကြသည်။ ရေတွင်းများပိတ်ဆို့ကုန်သည်။ သုံးခွတွင် ကန် ၅ကန်အနက် ၄ ကန်မှာ သဲနှင့်ရေပန်းထွက်ပြီးနောက်ခန်းသွားသည်။ ပဲခူးမြို့တွင်း၌လည်း မြေပြင်ကွဲထွက်ပြီး ရေနှင့်သဲများပန်းထွက်သည်။ မြစ်ကမ်းပါးပြိုကျသည်။ အက်ကွဲကြောင်းတစ်လျောက်မြေများလျောထွက်ကာ တိုင်းမင်းကြီးရုံးကုန်းပေါ်သို့၁ ပေခန့်ထိုးတင်နေသည်။ အက်ကြောင်းကတစ်ဖြောင့်တည်းဆက်သွားပြီး သနပ်ပင်လမ်းဆုံနားတွင် ၂ ပေခန့် ကျယ်ကာ ပိုနက်သွားသည်။ အရှေ့တောင်ဖက်ပိုင်း၌ မြေပြင်မြင့်တက်ကာ ချောင်းမြောင်းငယ်များပိတ်ဆို့သဖြင့် ရေလျှံသည်။ ကုန်းရိုးအနောက်ခြမ်း၌လည်း မြေပြင်ကွဲအက်သည်။ ၃၂၀မီတာခန့်အထိတိုင်း၍ရသည်။ ပဲခူးပျက်စီးမှုအများစုသည် မြေကျွံကျမှုကြောင့်ဖြစ်သည်။

    အုန်းနှဲတစ်ဝိုက်တွင်လည်းမြေကွဲ သဲပွက်မှုများရှိသည်။ အုန်းနှဲ သုံးခွလမ်း ဆိုးဆိုးရွားရွားပျက်သည်။ တံတားတိုင်များရွေ့၊ ကျွံ၊ ပြုတ်ကျကုန်သည်။ လမ်းသည် လိမ်ဖျဲထားသကဲ့သို့ဖြစ်သည်။ အစိပ်အစိပ်လှီးထားသကဲ့သို့လည်းရှိသည်။ သုံးခွမြို့တွင်း ဂ၀ံလမ်း ဒေါင်လိုက်၊ ကန့်လန့်ဖြတ်၊ ကြက်ခြေခတ်ကွဲရာများအပြည့်ဖြစ်နေသည်။ ဘူတာအောက်ခင်းကွဲသည်။ နံရံများပြုတ်ထွက်သည်။ တံတားအောက်ခြေနစ်ဝင်၊ယိုင်နဲ့၊ ပြုတ်ကျသည်။ တာဝတွင် ရွာနှင့်ဘူတာဆက်လမ်း ၂ မိုင်ကျော် ပျက်စီးပြီး အချို့အပိုင်းများ အောက်သို့နစ်ဝင်သွားသည်။ ခရမ်းတွင်လည်း ၂ ပေခွဲကျယ် ၆ ပေခန့်နက်သော အက်ကြောင်းကြီးများဖြစ်လာပြီး ရေများပန်းထွက်သည်။ မြေ၊ သဲများပန်းထွက်သည့်ပမာဏသည် ဆည်အသေးတစ်ခုဖို့၍ရလောက်သည်။ ထိုနည်းတူစွာ ကျောက်တန်းတွင်လည်း မြေပြင်ကွဲသည်။
    သံလျင်-ကျောက်တန်းလမ်းပိုင်းတွင် သဲများပန်းထွက်သည်မှာ ၅၀ ပေပတ်လည်ခန့်ကျယ်သည်။ သဲပန်းမှုသည် သုံးခွမှ ပင်လယ်စပ်ထိ တောက်လျောက်ဖြစ်သည်။ ပန်းရေ၌ပါသော ဆားသည် လေနှင့်ဓါတ်ပြုသဖြင့် မြေပြင်တွင် ဖွေးဖွေးလှုပ်နေသည်။ ပဲခူးမြစ်နားတွင် အက်ကြောင်းကြီး ၃၊ ၄ ခုခန့်၊ အသေး ၄၊ ၅ခုခန့် ဖြစ်ပြီး ထိုအက်ကြောင်းများမှ ၂ နာရီခန့်ကြာအောင်ရေပန်းထွက်ကာ ၁ ပေ မှ ၃ ပေခန့်အထူရှိသော သဲပုံများအတန်းလိုက်မှုတ်ထုတ်ထားသည်။

    ရွှေမောဓေါစေတီတော်သည် နှစ်ကြိမ်ခန့်ယိမ်းနွဲ့ပြီးနောက် ပြတ်တဲလုဖြစ်နေသော အခြေမှ အရှေ့တောင်ဖက် စောင်းတန်းများပေါ်သို့ ကျသဖြင့်သေဆုံးမှုများရှိခဲ့သည်။ မြောက်ဖက်တောင်ငူအထွက် ဈေးပျက်သည်။ အဆောက်အဦအများအပြားပြိုသည်။ ကြေးသွန်းဘုရားကြီးအတော်ပျက်သည်။ ခရမ်းတွင် ဆေးရုံတစ်ခြမ်းပြိုကျသည်။ အုတ်အဆောက်အဦများပျက်သည်။ သုံးခွတွင်လည်း အုတ်အဆောက်အဦ ၈ လုံးပျက်သည်။
    ရန်ကုန်ဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော လှေများ ရေထဲတွင် တစ်ကြိမ် နှစ်ကြီမ်ခန့် နိမ့်လိုက်မြင့်လိုက်ဖြစ်သွားသည်။ ရေနက်မှ သင်္ဘောအချို့တုန်ခါမှုကိုခံရကြောင်းသိရသည်။ ဤဖေါ်ပြချက်များသည် ငလျင်အရှိန်အလွန်ပြင်းကြေင်းဖေါ်ပြချက်ဖြစ်သဖြင့် ထိုစဉ်က ရိုဆီဖေါ်ရယ်အတန်း (၉)ဟု သတ်မှတ်ကြသည်။

    ရိုဆီဖိုရယ်အတန်း (၈) ခံရသော နေရာများတွင် ကျောက်တော်ရွာ၊ ပန်းတော၊ ကျောပင်၊ ရွာသစ်ရွာများမှသည် ကျောက်တန်းအရှေ့ရွာများအထိရောက်သည်၊ တော်လဲသံကြားရသည်။ က၀တွင် လှုပ်ချိန် တစ်မိနစ်ခန့်ကြာသည်။ တာဝအနောက် ၂မိုင် ဘူတာရုံတွင် စားပွဲတင်ပစ္စည်းများ၊ နံရံကပ်ဘီရိုငယ်များ ပြုတ်ကျလဲပြိုသည်။ ကမာစဲ၊ ရစ်ကန်တွှု အပျက်မရှိ၊ သို့သော် ပစ္စည်းများပြုတ်ကျ လဲပြိုကျသည်။ ထုံးကြီးရွာဘူတာ နာရီရပ်သွားသည်၊ ကားကြီးတိုးတိုက်မိသကဲ့သို့ခံစားကြရသည်။ မီးအိမ်များပြုတ်ကျသည်။ ဘုရားကြီး၌ သစ်ပင်လဲကျသံမျိုး၊ မိုးခြိမ်းသံမျိုးကြားရခံစားကြရသည်။ ဘူတာရုံအနည်းငယ်စောင်းသွားသည်။ ရပ်ထားသည့် ရထားတွဲအနည်းငယ်ရွေ့သွားသည်။ တာဘောင်အက်သည်။

    ကျောက်တော်ဆေးရုံဝင်းတွင် မြေကွဲသည်။ အချို့အိမ်များ အပိုင်းလိုက်ပြိုကျသည်။ အများအပြားထိခိုက်သည်။ မင်းကျောင်းစေတီထီးတော် စောင်းသည်။ ပန်းတောမှ ကျောက်တန်းအရှေ့ရွာများအထိ မြေပြင်လိပ်လျောကုန်သည် သဲပွက်သည်။ အိမ်နံရံများ ပြုတ်ထွက်သည်။ က၀မြောက်ဖက် မြစ်ကမ်းနဖူးကွဲသည်။ အုတ်အိမ်များပြိုသည်။ စေတီထီးစောင်းသွားသည်။ က၀ ထုံးကြီးလမ်း၌ ကန့်လန့်အက်ကြောင်းများပေါ်သည်။ ပဲခူးမြစ်အနောက်ဖက်ကမ်းနဖူးတွင် အက်ကြောင်းများပေါ်သည်။ တစ်ပေ တစ်ပေခွဲခန့်ရှိ ပွက်ထားသည် သဲပုံလေးများတွေ့ရသည်။ သုံးခွတောင်ဖက် လယ်ကွင်းများ၌လည်း အလားတူ သဲပုံများ တွေ့ရသည်။

    ရန်ကုန်တွင် အုတ်အဆောက်အဦများပြိုသဖြင့် လူ၅၀ကျော် ပျက်စီးသည်။ မြေင်ပြင်ပေါ်တွင် မရပ်နိုင် လူအများဝပ်နေကြရသည်။ မီးထလောင်သည်။ ရေပိုက်များပြုတ်ထွက်သည်။ လှုပ်ချိန်တစ်မိနစ်လျော့လျော့ရှိသည်။
    ထို ၁၉၃၀ ပဲခူးငလျင်၏ပြင်းထန်အားကို ကော်ဂျင်ဘရောင်းနှင့်အဖွဲ့က ပုံ (၁)တွင်ပြထားသည့်အတိုင်း ရိုဆီဖိုရယ်အတန်းများဖြင့် ဖေါ်ပြခဲ့သည်။

    ပုံ (၁) ၁၉၃၀ ပဲခူးငလျင်၏ပြင်းထန်အားပြပုံ။

    ပုံ(၁) ၌ ခံစားရသောအကျယ်အ၀န်းကို ဘန်ကောက်အထိထည့်သွင်းထားသည်။ သို့သော် ပြင်းထန်အားအတန်းကိုမူ ဖေါ်ပြမထားပေ။ ပဲခူးနှင့်ရန်ကုန်နယ်၌ ရိုဆီဖိုရယ်အတန်း ၆ မှ ၉ အထိ ရှိကြောင်းဖေါ်ပြထားသည်။ လက်ရှိနိုင်ငံတကာတွင် အားလုံး အကျွန်းတ၀င်ရှိကြသော မွမ်းမံမာကယ်လီအတန်းနှင့် ပြန်လည်ဖေါ်ပြလိုက်ပါသည်။ ပုံ(၂) တွင်ကြည့်ပါ။

    ပုံ (၂) ၁၉၃၀ ပဲခူးငလျင်၏ပြင်းထန်အားကို မွမ်းမံမာကယ်လီအတန်းဖြင့် ပြထားသည်။
    ငလျင်ပြင်းထန်အားအတန်းခွဲခြားပုံသည် အခြေခံအားဖြင့် လူတို့သိရှိခံစားရမှု၊ မြေပြင်နှင့်ပတ်ဝန်းကျင်အပေါ်သက်ရောက်မှု၊ လူနေအဆောက်အဦများပျက်စီးမှုတို့ အပေါ်အခြေခံ၍တွက်ချက်သည်။ ပုံ(၂)သည် ဧရာဝတီတိုင်းဖက်က အချက်အလက်များကိုပါထည့်သွင်းစီစစ်ခဲ့ပါသည်။ မှတ်တမ်းအရတော့ ကော့ဂျင်ဘရောင်း(၁၉၃၂) အတိုင်းသာဖြစ်သည်။ မှတ်တမ်းတွင် ဘန်ကောက်၌ထိခိုက်ကြောင်း ပါသည်။ ခုနှစ်လွှာရှိတိုက်တစ်လုံး အက်ကြောင်းများပေါ်လာပြီး နံရံကပ်ပလာစတာများကွာကျကြောင်း မှတ်တမ်းတင်ထားသည်။ မွမ်းမံမာကယ်လီအတန်း ၅-၆ ခန့်ဖြစ်သည်။ နေရာအကွက်အကွင်းအရ အလှမ်းဝေးသော ထိုအရပ်သည် ငလျင်အားလျော့၍ ခံရမည်သာတည်း။ မှန်းထားသည်ထက် ပို၍ပြင်းသော ငလျင်အရှိန်ခံရခြင်းမှာ ဘန်ကောက်၏ ဘူမိဗေဒဖွဲ့စည်းပုံကြောင့်ဖြစ်သည်။ ထို့အပြင် ပုံ(၂)တွင် ရန်ကုန်သည် အတန်း ၇၊ ၈၊ ၉ အဆင့်အလိုက်ခံရကြောင်းတွေ့နိုင်သည်။
    ငလျင်ဇစ်မြစ်
    ထိုစဉ်က ငလျင်၏အရင်းခံအကြောင်းကို သေသေချာချာမရှင်းနိုင်ခဲ့ပါ။ ပါမောက္ခ ချစ်ဗာ၏စာတွင် နောက်ဆက်တွဲငလျင်ဖြစ်ရပ်များနှင့် စစ်တောင်းမြစ်ဝှမ်းနှင့် ဧရာဝတီအထက်ပိုင်းတစ်လျောက်ရှိ ငလျင်ဖြစ်ရပ်များကိုထောက်ပြကာ ရှမ်းကုန်းမြင့်၏ အခြေတစ်လျောက်တွင် “Line of Weakness” တစ်ခုရှိသည်ဟုဖေါ်ပြသည်။ နောက်ပိုင်းဆရာများက ပြတ်ရွေ့တစ်ခုဟု ထောက်ပြကြသည်။ ရန်ကုန်တက္ကသိုလ် ဘူမိဗေဒဌာနမှ ပါမောက္ခဒေးကလည်း ကောင်းကင်ဓါတ်ပုံများမှတစ်ဆင့် ပဲခူးရိုးမအခြေတွင် ပြတ်ရွေ့တစ်ခုရှိပြီး နှင်းဆီဟု အမည်ပေးခဲ့သည်။ ထိုအမည် မတွင်ကျယ်ပါ။ ဒေါက်တာဝင်းဆွေ (၁၉၈၀) ကသာလျှင် ပြတ်ရွေ့အမည်၊ အရွယ်အစားနှင့် အမျိုးအစားတို့ကို ဖေါ်ထုတ်ဆက်စပ်သဖြင့် စစ်ကိုင်းပြတ်ရွေ့ဟု သိကြရသည်။
    ၁၉၃၀ ပဲခူးငလျင်သည် ထို စစ်ကိုင်းပြတ်ရွေ့၏တောင်ဖက်အဆစ်တစ်ခု လှုပ်ရှားမှုကြောင့်ဖြစ်သည်။ ပဲခူးအဆစ် Bago Segment ဟုခေါ်လျှင် သင့်မည်ထင်သည်။ မှတ်တမ်းအရ နောက်ဆက်တွဲငလျင်များ ထိုအနီးတစ်ဝိုက်တွင် လနှင့်ချီ၍လှုပ်နေခဲ့သည်။ မြောက်ဖက်အစွန်သည် ဖဒိုတောင်ဖက်မှ တောင်ဖက်ပင်လယ်ဝအထိဖြစ်သည်။ စုစုပေါင်း ၁၂၀ ကီလိုမီတာအရှည်ရှိသည်။ ထိုမျှလောက်အရှည်ရှိသော ပြတ်ရွေ့လှုပ်ရှားမှုသည် ငလျင်ပမာဏ (၇) ထက်ပိုနိုင်ကြောင်း ကို ကမ္ဘာ့အခြားအရပ်များ၏ ငလျင်မှတ်တမ်းများနှင့်နှိုင်းယှဉ်၍ပြောနိုင်သည်။ ထို့ကြောင့် အာဘီ (၁၉၈၁)၏ တွက်ချက်မှုဖြစ်သော ပမာဏ (၇.၁) နှင့် အလွန်နီးစပ်ပေသည်။ အခြားမှတ်တမ်းများက (၇.၃)ဟု ဆိုကြသည်။
    ငလျင်အလားအလာ
    စစ်ကိုင်းပြတ်ရွေ့၏တောင်ဖက်ဆုံးအဆစ်လို့ဆိုရမည့် ဤပဲခူးပိုင်းသည် ၁၉၃၀ ငလျင်ကြီးနောက်ပိုင်းမှစ၍ ယျန့အချိန်အထိ နှစ်ပေါင်း (၈၀)အတွင်း အင်အားအတော်အသင့်ရှိသော ငလျင်ပင်မလှုပ်ခဲ့ပါ။ ဤအချက်သည် အလွန်စိုးရိမ်စရာကောင်းလှသည်။ ငလျင်ကြီးတစ်ခုအတွက် အားယူသလားဟုပင်ဆိုရမလောက်ဖြစ်သည်။ ပြတ်ရွေ့ပြင်တစ်လျောက် မြေတွင်းဖိအားများးစုဝေးနေချိန်ကြာလေ အင်အားကြီးမားသော ငလျင်ကြီးဖြစ်ရန် ပို၍သေချာလေဟု ဆိုနိုင်သည်။ ငလျင်ဖြစ်ရပ်တစ်ခုအား ခန့်မှန်းရန်မလွယ်ကူပေ။ ထိုသို့မလွယ်သည်အကြားကပင် သင်္ချာဗေဒနှင့် ချဉ်းကပ်ကြည့်ပါသေးသည်။ Poisson’s process ဆိုလျှင် သင်္ချာအတွက်နှင့် နီးသူများ နားလည်နိုင်ပါသည်။ အချိန်ကာလအရလည်း ဖြစ်ချင်ရာဖြစ်၊ နေရာအရလည်း ဖြစ်ချင်ရာဖြစ်ဆိုသည်များကို ဤနည်းနှင့် တွက်ချက်ခန့်မှန်းကြပါသည်။(ရန်ကုန်မြို့နားက ငလျင်များအကြောင်းတွင်ရှု) ကို အခြေတည်၍ တွက်သောအခါ ပျမ်းမျှ ကာလပိုင်း ၆၁ နှစ်ဖြစ်ပါသည်။ ထိုအခါ ဖြစ်နိုင်ချေသည် နှစ်ပေါင်း ၈၀ နှင့်အလွန်တွင် ငလျင်ကြီးတစ်ခု ဖြစ်ရန် ၉၀ ရာနှုန်း ကျော်ရှိသည်။ ပုံ(၃)တွင် ငလျင်ဖြစ်ခဲ့သောနှစ်အပိုင်းအခြားအလိုက် အကြိမ်အရေအတွက်ကိုပြထားပြီး ပုံ (၄) တွင် Poisson’s Probability Graph ကို ပြထားပါသည်။

    ပုံ(၃) Frequency of significant historical earthquakes in Yangon-Bago Area

    ပုံ (၄) Cumulative probability for an earthquake in the Bago Segment
    ဆိုသည်မှာ ယခုမှစ၍ အချိန်မရွေးပဲဟု ဆိုယုံသာ။ သို့သော် အင်အားဘယ်လောက်ရှိနိုင်ပါသလဲမေးလျှင် မသိပါ။
    အင်အားပမာဏကို အကြမ်းစားခန့်မှန်းကြည်ချင်ပါသေးသည်။ ဤတွက်ချက်မှုအတွက် ၁၉၆၄မှ ၂၀၀၆ထိ စက်တိုင်းမှတ်တမ်းများကို အခြေခံထားပါသည်။ ယင်းမှတ်တမ်းများကို ရယူလိုပါက http://earthquake.usgs.gov/earthquakes/eqarchives/epic/ တွင်ရယူနိုင်ပါသည်။ တွက်ချက်ပုံနညိးစံနစ်မှာ Gutenberg-Richter ဆက်သွယ်ချက်အတိုင်းပင်ဖြစ်သည်။ ထိုသို့တွက်ယူသောအခါ စစ်ကိုင်းပြတ်ရွေ့ ပဲခူးဆစ်၌ဖြစ်နိုင်သောငလျင်အင်အားပမာဏနှင့် တစ်နှစ်ပျမ်းမျှဖြစ်ကြိမ်တို့ကို ဤအတိုင်းရရှိသည်။
    တစ်နှစ်ပျမ်းမျှဖြစ်ကြိမ် = 0.1358exp(-0.526) x အင်အားပမာဏ
    အလွယ်မြင်သာရန် ပုံ (၅)တွင် ကြည့်နိုင်ပါသည်။

    ပုံ (၅) Recurrence rate of the Sagaing Fault (Bago Segment)

You must be logged in to post a comment.